အစိုးရအဖွဲ့သည် တိုင်းပြည်တိုးတက်အောင် လုပ်ဆောင်ရမည့်အဖွဲ့

0
215

အစိုးရအဖွဲ့ဆိုသည်မှာ တိုင်းပြည်တိုးတက်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရသည့် အဖွဲ့အစည်းဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

ယမန်နေ့ နိုဝင်ဘာလ (၂) ရက်က နေပြည်တော်တွင် ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၆/၂၀၂၃) တွင် အမှာစကား ပြောကြားစဉ် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

အစိုးရဌာနမှ ဝန်ထမ်းအဆင့်ဆင့်အနေဖြင့်လည်း အစိုးရ အဖွဲ့မှ ချမှတ်ပေးသည့် မူဝါဒများ၏ လုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တိုင်းပြည်အတွင်း၌ အစိုးရအဖွဲ့များ အပြောင်းအလဲရှိသော်လည်း ဝန်ထမ်းများမှာ ပြောင်းလဲမှုမရှိဘဲ အစိုးရသက်တမ်းတစ်ခုတွင် ဆောင်ရွက်ခဲ့သည့် စီမံကိန်များ ၊ လုပ်ငန်များအားလုံးကို မှတ်တမ်းတင်ထားပြီး ဝန်ကြီးဌာနများရှိ ဝန်ထမ်းများက အောင်မြင်အောင် ဆက်လက်အကောင်အထည်ဖော်ရကြောင်းလည်း ၄င်းက ဆိုသည်။

မိမိတို့ အစိုးရအဖွဲ့ စတင် တာဝန်ယူချိန်တွင် ပြီးခဲ့သည့်အစိုးရ အဆက်ဆက် ဆောင်ရွက်ခဲ့သည့် စီမံကိန်းများကို တတ်နိုင်သမျှ အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ထို့အပြင် အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်နေသည့် စီမံကိန်းနှင့် လုပ်ငန်းများကို ပြန်လည်ဆောင်ရွက်နိုင်ရေး အကောင်အထည်ဆောင်ရွက်နေသည့်အတွက် ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး / ပြည်နယ်အစိုးရများအနေဖြင့်လည်း ပြန်လည်စိစစ် ဆောင်ရွက်ကြရန်လိုအပ်ကြောင်းလည်း မှာကြားခဲ့သည်။

အချို့ စီမံကိန်များ ဆောင်ရွက်ရာတွင် ဥပဒေနှင့် မူဝါဒများနှင့် ကိုက်ညီမှုမရှိဘဲ ဆောင်ရွက်နေခြင်းကြောင့် တာဝန်ရှိသူများကို အရေးယူဆောင်ရွက်မှုများ ရှိခဲ့သည့်အတွက် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စနစ်တကျ ကြပ်မတ်ဆောင်ရွက်ကြရန်လည်း နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်း မှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here