ဆန်စပါးသိုလှောင်ရုံများ မှတ်ပုံတင်ခြင်းကို Digital Platform ပုံစံဖြင့် ဆောင်ရွက်မည်

0
223

ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်း၊ ပို့ကုန်လုပ်ငန်းရှင်မှတ်ပုံတင်ခြင်း၊ ဆန်စက်မှတ်ပုံတင်ခြင်း စသည့်လုပ်ငန်းများကို Digital Platform ပုံစံဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားခဲ့သည်။

နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းကျင်းပသည့် Myanmar Rice Online (MyRO) Website မိတ်ဆက်ပွဲအခမ်းအနား(Go-Live Ceremony) နှင့် MyRO တွင် ဆန်စပါးသိုလှောင်ရုံများ မှတ်ပုံတင်ခြင်းနှင့် ပတ်သက်သည့် ရှင်းလင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းစနစ်သည် ကုမ္ပဏီမှတ်ပုံတင်စနစ်ကဲ့သို့ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး မြန်မာ့ဆန်စပါးကဏ္ဍကို ဒီဂျစ်တယ် အသွင်ကူးပြောင်းရန် ခြေလှမ်းအစဖြစ်သည့်အတွက် ဆက်လက်ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များ ပိုမိုကောင်းမွန်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းလည်း ပြည်ထောင်စု ဝန်ကြီးက ပြောကြားခဲ့သည်။

ယခုလုပ်ငန်းစဉ်များသည် မြန်မာ့ဆန်စပါးညီလာခံ (၂၀၂၂) တွင် ဖော်ထုတ်ခဲ့သော ဆန်စပါးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် တောင်သူများအတွက် သီးနှံအာမခံစနစ် တည်ထောင်ရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

နိုင်ငံတော် အစိုးရအနေဖြင့် မူဝါဒပိုင်းတည်ငြိမ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတွင် လုပ်သာကိုင်သာရှိသည့် ပတ်ဝန်းကျင်ကောင်းများကို ဖန်တီးဆောင်ရွက်‌ပေးသွားမည်ဖြစ်ပြီး နိုင်ငံ့စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ-ပုဂ္ဂလိက ဟန်ချက်ညီစွာ ပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်း ပြည်ထောင်စု ဝန်ကြီးက ဆွေးနွေးပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

MyRO မှတ်ပုံခြင်း လုပ်ငန်းစဉ်ကို ကနဦး Pilot Project အနေဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း ယနေ့ပြုလုပ်သည့် Myanmar Rice Online (MyRO) Website မိတ်ဆက်ပွဲ အခမ်းအနား(Go-Live Ceremony) နှင့် MyRO တွင် ဆန်စပါးသိုလှောင်ရုံများ မှတ်ပုံတင်ခြင်းနှင့် ပတ်သက်သည့် ရှင်းလင်းဆွေးနွေးပွဲမှ သိရသည်။

MyRO တွင် တောင်သူများ၊ ကုန်သည်များ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ပြည်ပတင်ပို့သူများ၊ ကျွမ်းကျင်ပညာရှင်များ၊ သုတေသနပညာရှင်များ၊ စားသုံးသူများ အပါအဝင် ဆန်စပါးလုပ်ငန်းနှင့် ဆက်စပ်လုပ်ကိုင်နေသူများအတွက် တစ်နေရာတည်းတွင် သတင်းအချက်အလက်များ၊ ဝန်ဆောင်မှုများ၊ မှတ်ပုံတင်သည့်လုပ်ငန်းများကို လွယ်ကူရိုးရှင်းစွာဖြင့် အချိန်တိုအတွင်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here