နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် BRI အောက်မှ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများကို အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်ရန် တရုတ်နှင့် မြန်မာဆွေးနွေး

0
141

တရုတ် – မြန်မာ နှစ်နိုင်ငံအကြား စီးပွားရေးစင်္ကြံနှင့် ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းအောက်မှ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားရေးအပါအဝင် နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေးအတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန် ကြီးဌာန၊ လက်ထောက်ဝန်ကြီး Mr. Nong Rong တို့ ယနေ့ နိုဝင်ဘာလ (၃) ရက် ညနေ (၄) နာရီ ဝန်းကျင်က နေပြည် တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ နှစ်နိုင်ငံ ဆွေးနွေးပွဲတွင် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ဆက်လက်ပိုမိုခိုင်မာလာစေရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စီမံကိန်းများကို ဆက်လက် အကောင်အထည်ဖော်ရေးတို့ကို ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်နိုင်ငံမှ ကူညီထောက်ပံ့သွားမည့် အခြေအနေ၊ အာဆီယံနှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုယန္တရား မူဘောင်အောက်တို့မှ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်သွားရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာများတွင် နှစ်နိုင်ငံ အပြန်အလှန်ထောက်ခံရပ်တည်သွားရေးနှင့် အကျိုးတူကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here