ရှမ်းမြောက် ပဋိပက္ခများကြောင့် မူဆယ်မြို့နယ်အတွင်း ကျေးရွာအချို့တွင် ဆန်၊ ဆီနှင့် ဟင်းချက်စရာများ မရှိတော့၍ ဒေသခံများ စားဝတ်နေရေး ခက်ခဲနေ

0
228

ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် လက်ရှိ ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် မူဆယ်မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ဆန်၊ ဆီနှင့် ဟင်းချက်စရာများ မရှိတော့၍ စားဝတ်နေရေး ခက်ခဲလျက်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

ရှမ်းမြောက်တွင် စစ်မက်ပဋိပက္ခများကြောင့် လမ်းပန်းဆက်သွယ်ရေး ပိတ်ကုန်ပြီး ကုန်စည်စီးဆင်းမှု ရပ်တန့်သွားခြင်းကြောင့် မူဆယ်မြို့နယ်အတွင်းမှ ကျေးရွာအချို့တွင် ဆန်၊ ဆီနှင့် ဟင်းချက်စရာများမရှိတော့၍ စားဝတ်နေရေး ခက်ခဲလျက်ရှိနေကြောင်း ကမ်းလက်ကူညီပရဟိတအသင်း(မူဆယ်မြို့)မှ သိရသည်။

“၂၇ ရက် မနက်ကတည်းကဆိုတော့ ဒီနေ့အထိပေါ့နော်ဆိုတော့ ၈ ရက် ရှိပြီ။ ကျွန်တော်တို့ မူဆယ်ဆိုတာက မြန်မာပြည်အလည်ပိုင်းကလာတဲ့ စားနပ်ရိက္ခာကို အားထားရတာ များသောအားဖြင့်ပေါ့။ ခုလိုကျတော့ အကုန်လုံး အခက်ခဲဖြစ်တာပေါ့ဗျာ။ မြို့တွေကလည်း မြို့တိုင်း၊ မြို့တိုင်းကို သွားလို့ကို မရတော့တာ။ နောင်ချို အကျော် ဂုတ်တွင်းကနေ ဒီဘက်ကို ဖြတ်သန်းလို့ကို မရတော့ဘူး။ မြို့တိုင်း မြို့တိုင်းကလည်း ရှောင်ရတာပဲ။ ရွာတွေဆိုလည်း ပျက်စီးတယ်။ ရှောင်ရတယ်။ နောင်ချို အုံးမခကနေ စဖြစ်တဲ့ တိုက်ပွဲကနေ ရှမ်းမြောက် တစ်ခွင်လုံး ရှောင်ရတာပေါ့။”ဟု ကမ်းလက်ကူညီပရဟိတအသင်း(မူဆယ်မြို့)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထို့ကြောင့် မူဆယ်မြို့ရှိ ရပ်ရွာများမှ ကမ်းလက်ကူညီပရဟိတအသင်း(မူဆယ်မြို့)သို့ အကြောင်းကြား အကူအညီ တောင်းခံမှုကြောင့် အသင်းမှ သွားရောက်ကူညီ လှူဒါန်းရန်စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

“လောက်ကိုင်မှာ တရုတ်က ၁၂ ဘီးကားနဲ့ ၂၄ ပြည် အိတ်ကလေးတွေ တစ်ဝက်ပေါ့ဗျာ ၁၀ ပြည် အိတ်လို့လည်း ပြောတယ်။ အဲ့ဒါကို တစ်သိန်းကျော်လောက် ပေးရတယ်။ ၁၀ ပြည် အိတ်တစ်အိတ်ကို တရုတ်ယွမ် ၂၅၀ ကနေ ၃၀၀ အထိ ပေးရတယ်။ တရုတ်ငွေ ၂၅၀ ဆို မြန်မာငွေတစ်သိန်းကျာ်ဖြစ်သွားပြီး။”ဟု ၎င်းက ဆက်ပြောသည်။

နိုဝင်ဘာ (၂)ရက်က မူဆယ်နှင့် သိပ်မဝေးသည့် ပန်ဆိုင်းမြို့တွင် ထိတွေ့မှု ဖြစ်ပွားခဲ့သေးပြီး အစိုးရဌာန ဝန်ထမ်းများ၊ အုပ်ချုပ်ရေး ဝန်ထမ်းများ ရှောင်တိမ်းပေးလိုက်ရကာ နိုဝင်ဘာ (၃)ရက်က နမ့်ခမ်းတွင်လည်း ထိတွေ့မှုများဖြစ်ပေါ်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

အလှူရှင်များ အနေဖြင့် ဆန်တစ်ပြည် (၄၅၀၀)ကျပ်၊ ဆန်(၂၄)ပြည် တစ်အိတ်(၁)သိန်းကျပ်၊ ကြက်ဉ တစ်ကဒ်(၁)သောင်းကျပ်၊ ကြက်ဉတစ်ဖာ (၁)သိန်းကျပ်၊ ဆီ (၃) ပိသာ (၂၅၀၀၀)ကျပ် တို့ဖြစ်စေ အလှူငွေ (၅၀၀)ကျပ်၊ (၁၀၀၀)ကျပ်မှစပြီး နှစ်သက်ရာ လှူဒါန်းပေးနိုင်သည်။

ကမ်းလက်ကူညီပရဟိတအသင်း(မူဆယ်မြို့) အသင်းဖုန်း 09691197888 Kpay – wave pay no U Win Htay 09259001177 မှတ်ချက် ———— အလှူငွေများ ပေးပို့လှူဒါန်းထားပါက ss များ မန့်မှာ ဖြစ်စေ မက်စင်ဂျာမှ ဖြစ်စေ ပေးပို့ပါရန် နိုဝင်ဘာ (၃)ရက် ကမ်းလက်ကူညီပရဟိတအသင်း(မူဆယ်မြို့)မှ ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် ဖြစ်ပွားနေသည့် ထိတွေ့မှုများကြောင့် လူဦးရေ (၆၂၀၀) ကျော် နေရပ်စွန့်ခွာ တိမ်း‌ရှောင်နေရကြောင်း UNOCHA Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။

ရှမ်းမြောက် ချင်းရွှေဟော်၊ သိန္နီ၊ ကွတ်ခိုင်၊ ကျောက်မဲ၊ လားရှိုး၊ နမ့်ခမ်းနှင့် မူဆယ်မြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပေါ်ခဲ့ပြီး လမ်းများပိတ်ခြင်း၊ စစ်ဆေးရေးဂိတ်များပိုမို တိုးမြှင့်ခြင်းများ ပြုလုပ်နေခြင်းကြောင့် အရပ်သားနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေးကို ထိခိုက်နေရကြောင်း UNOCHA Myanmar က ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

နေရပ်စွန့်ခွာရသူများမှာ အနီးအနားရှိ သစ်တောများ (သို့) ဘာသာရေးဆိုင်ရာနေရာများတွင် ခိုလှုံနေရပြီး ဒေသတွင်း အကူအညီပေးရေးအဖွဲ့အစည်းများက အစားအသောက်နှင့် တခြားကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ကူညီပေးထားကြရကြောင်း UNOCHA Myanmar ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

Photo – လူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ရေးကွန်ယက်


LEAVE A REPLY

Please enter your comment!
Please enter your name here