ကိုရီးယားနိုင်ငံသို့ အလုပ်လျှောက်လွှာတင်သူများ ကိုယ်ပိုင်ဘဏ်အကောင့် ဖော်ပြရန်လိုအပ်ဟု POEA ထုတ်ပြန်

0
314

ကိုရီးယားနိုင်ငံသို့ အလုပ်လျှောက်လွှာတင်သူများအနေဖြင့် ကိုယ်ပိုင် ဘဏ်အကောင့်ကိုပါ ဖော်ပြပေးရန် လိုအပ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) ထုတ်ပြန်ချက်အရ သိရသည်။

ကိုရီးယားဘာသာ အထူးသီးသန့်စာမေးပွဲ (Special EPS-TOPIK) စာမေးပွဲ အောင်မြင်ထားသူများအနေဖြင့် အလုပ်လျှောက်လွှာတင်ရန်နှင့် ပတ်သက်သည့် ကြေညာချက်များကို ထုတ်ပြန်ရာတွင် ဘဏ်အကောင့်ပါ ဖော်ပြရန်လိုအပ်ကြောင်း ထည့်သွင်းဖော်ပြထားခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ကိုယ်ပိုင်ငွေစာရင်း ဘဏ်အကောင့် ဖော်ပြရာတွင် နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင် ဘဏ်တစ်ခုခုတွင် နိုင်ငံကူးလက်မှတ်ပါ အမည်အတိုင်း ဖွင့်လှစ်ထားသည့် ကိုယ်ပိုင် ဘဏ်ငွေစာရင်း စာအုပ် မိတ္တူ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အလုပ်လျှောက်လွှာများကို လာမည့် နိုဝင်ဘာ (၁၃) ရက်နှင့် နိုဝင်ဘာ (၁၄) ရက်တို့တွင် ပြန်တင်ရမည် ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားချက်အရ သိရသည်။

ကိုရီးယားဘာသာအရည်အချင်းစစ် အထူးသီးသန့်စာမေးပွဲ (Special EPS-TOPIK) အောင်မြင်ပြီး ကျန်းမာရေး စစ်ဆေးမှု အောင်မြင်သူများ ဒဂုံမြို့သစ်(မြောက်ပိုင်း) ရှိ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီတွင် အလုပ်အကိုင်ကိစ္စနှင့် ပတ်သက်ပြီး နိုဝင်ဘာလတွင် လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။

ကိုရီးယားဘာသာ အရည်ချင်းစစ် အထူးသီးသန့်စာမေးပွဲ (Special EPS-Topik) ကို အောက်တိုဘာ (၄) ရက်မှ အောက်တိုဘာ (၂၀) ရက်အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၁,၆၉၇ ဦး ရှိသည့်အနက် ၁,၄၉၅ ဦး စာမေးပွဲအောင်မြင်ခဲ့ကြောင်း အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီ POEA– EPS ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ စာမေးပွဲမှာ တောင်ကိုရီးယားနိုင်ငံတွင် (၃) နှစ်နှင့် အထက် အလုပ်လုပ်ကိုင်ခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိနေသည့် အလုပ်သမားဟောင်းများအတွက် ရည်ရွယ် ပြုလုပ်ပေးခြင်းဖြစ်သည်။

လတ်တလောတွင် တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြသည့် မြန်မာလုပ်သား အရေအတွက် (၅၀၀၀၀) ကျော်ရှိနေကြောင်း အလုပ်သမားဝန်ကြီးဌာန လုပ်သားစေလွှတ်မှု စာရင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here