ပြိုင်ဘက် ကမ္ဘောဒီးယား လက်ဝှေ့ကျော် ပရွမ်းဆမ်းနန်ကို ထွန်းထွန်းမင်း၏ ကိုယ်စား အနိုင်ယူမည်ဟု ဒေဝပြော

0
543

ယနေ့ နိုဝင်ဘာ (၅)ရက် ည (၇) နာရီတွင် ထိုးသ-တ်မည့် မြန်မာ့လက်ဝှေ့ချန်ပီယံဟောင်း ဒေဝနှင့် ကမ္ဘောဒီးယားလက်ဝှေ့ကျော် ပရွမ်းဆမ်းနန်တို့၏ ပွဲစဉ်တွင် ပြိုင်ဘက်ဖြစ်သည့် ပရွမ်းဆမ်းနန်ကို ထွန်းထွန်းမင်း၏ ကိုယ်စား အနိုင်ယူသွားမည်ဖြစ်ကြောင်း ဒေဝ‌က ပြောကြားလိုက်သည်။

၎င်း၏ ပရော်ဖက်ရှင်နယ် လက်ဝှေ့ကစားသမားဘဝ နောက်ဆုံးပွဲအနေဖြင့် ကမ္ဘောဒီးယားလက်ဝှေ့ကျော်နှင့် ယှဉ်ပြိုင်ထိုးသ-တ်သွားမည့် ယနေ့ညပြိုင်ပွဲနှင့် ပတ်သက်၍ BBC သတင်းဌာနနှင့် ပြုလုပ်ထားသည့် အင်တာဗျူးတွင် ဒေဝက ပြောကြားထားခြင်း ဖြစ်သည်။

” အခုတော့ ပြန်ကလဲ့စားချေမှာပါ။ ထွန်းထွန်းမင်းကိုယ်စား ပြန်အနိုင်ယူမှာပါ” ဟု ဒေဝက ဆိုသည်။

ဒေဝနှင့် ထိုးသတ်မည့် ကမ္ဘောဒီးယား လက်ဝှေ့ကျော် ပရွမ်းဆမ်းနန်သည် ပြီးခဲ့သည့် ၂၀၂၃ ဆီးဂိမ်းပြိုင်ပွဲတွင် အနိုင်ယူကာ ချန်ပီယံဖြစ်ခဲ့သူ တစ်ဦးလည်း ဖြစ်သည်။

ဒေဝနှင့် ပရွမ်းဆမ်းနန်တို့သည် ယနေ့ည မြန်မာစံတော်ချိန် ည(၇) ရီတွင် ကမ္ဘောဒီးယား၌ စိန်ခေါ်ပွဲအနေဖြင့် ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်ပြီး ပွဲချိန်အနေဖြင့် (၉)မိနစ်ကြာ အနား တောင်းခွင့်မရှိဘဲ တစ်ချီပွဲစဉ်အနေဖြင့် ထိုးသတ်ကြရမည်ဖြစ်သည်။

အလွတ်တန်း ကမ္ဘာ့လက်ဝှေ့ရွှေခါးပတ်ကို (၆) ကြိမ်တိုင် ရရှိထားသည့် ဒေဝသည် ၎င်း၏ လက်ဝေ့ကစားသမားဘဝ နောက်ဆုံးပွဲစဉ်ဖြစ်သည့် ယခုပွဲတွင် ပြိုင်ဘက်ကို အလဲထိုးအနိုင်ယူကာ ခါးပတ်ရယူလိုကြောင်းလည်း ပြောကြားထားသည်။

” ဒီခါးပတ်ကို ကျွန်တော်အရမ်း လိုချင်ပါတယ်။ ကျွန်တော့် နောက်ဆုံးပွဲလေ။ နောက်ပြီး ခါးပတ်ကလည်း အရမ်းလှတယ်။ ဒီခါးပတ်ရရင် ဒါ ကျွန်တော့်ရဲ့ (၇) ခုမြောက် ခါးပတ် ဖြစ်မှာပါ” ဟု ဒေဝက ဆိုသည်။

အကယ်၍ အလဲမထိုးနိုင်ခဲ့ပါက ပူး‌တွဲသရေ ရလဒ်သာ ဖြစ်မည်ဖြစ်ပြီး သရေရလဒ်ရမည်ဆိုပါကလည်း ၎င်းအနေဖြင့် အသာစီးမှ ထိုးသတ်နိုင်မည်ဆိုပါက ကျေနပ်မည်ဖြစ်ကြောင်းလည်း ဒေဝက ဆိုသည်။

ထို့အပြင် ယနေ့ည ထိုးသတ်မည့်ပွဲစဉ်ကို ဒေဝ၏ Facebook page နှင့် YouTube တို့မှ တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်းသိရသည်။

ယနေ့ည ကျင်းပမည့် ပြိုင်ပွဲတွင် ဒေဝနှင့် ပရွမ်းဆမ်းနန်တို့ ၏ ပွဲစဉ်အပါအဝင် တွဲဆိုင်း (၆) ခု ပါဝင်ပြီး ကမ္ဘောဒီးယား လက်ဝှေ့သမား (၆) ဦးနှင့် နိုင်ငံခြားသားပြိုင်ဘက် (၆) ဦး ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here