ကချင်ပြည်နယ်၊ မိုးကောင်း-မြစ်ကြီးနား-မိုးကောင်း ရထားခရီးစဉ် နိုဝင်ဘာ (၁)လလုံး အခမဲ့ ပြေးဆွဲသွားမည်

0
386

ကချင်ပြည်နယ်အတွင်း မိုးကောင်း-မြစ်ကြီးနား-မိုးကောင်း ရထားခရီးစဉ် ပြန်လည်ပြေးဆွဲနိုင်သည့် အထိမ်းအမှတ်အဖြစ် ပြည်နယ်အစိုးရ အစီအစဉ်ဖြင့် နိုဝင်ဘာ (၁)လလုံး အခမဲ့ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း မြန်မာ့မီးရထားလုပ်ငန်း တိုင်းအမှတ် (၁) မြစ်ကြီးနားမှ သိရသည်။

အဆိုပါ ရထားလမ်းပိုင်းမှာ ကချင်ပြည်နယ်အတွင်း ပြည်တွင်း ကုန်စည်ပို့ဆောင်ရေးနှင့် ခရီးသွားလုပ်ငန်းမှာ အဓိက အားထားရသည့် လမ်းပိုင်းတစ်ခုဖြစ်ကြောင်းလည်း သိရသည်။

“ရထားက မနက် ၇ နာရီမှာ မိုးကောင်းက ထွက်လာပြီးမှ ၉ ခွဲမှာ မြစ်ကြီးနားကို ရောက်ပါမယ်။ ပစ္စည်းဝယ်ဖို့ ဘာညာတွေက မြစ်ကြီးနားမှာ ၄ နာရီခွဲ အချိန်ရပါတယ်။ ညနေ ၂ နာရီမှာ ပြန်ထွက်ပါမယ်။ မြစ်ကြီးနားကနေမှ မိုးကောင်းကို ပြန်ထွက်မယ်။ မိုးကောင်းကို ၄ ခွဲမှာ ပြန်ရောက်မှာပါ။ နေ့ချင်းသွားလို့ရတယ် အဓိကအားဖြင့် မိုးကောင်းက ခရီးသည်တွေ ဈေးသည်တွေ ဈေးဝယ်လို့ အဆင်ပြေအောင် သူတို့ကိုပဲ အဆင်ပြေအောင် စီစဉ်ပေးတာပါ။”ဟု မြန်မာ့မီးရထား တိုင်းအမှတ် ၁ မြစ်ကြီးနားမှ တာဝန်ရှိသူက နိုင်ငံပိုင်သတင်းဌာနသို့ ပြောသည်။

အဆိုပါ ရထားလမ်းပိုင်းကို ကွန်ကရစ်ကြောင်းအရ၊ နောက်ပိုင်းတွင် နယ်မြေလုံခြုံရေး အခြေနေအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၉)ရက်က ရပ်နားထားခဲ့ပြီး ၂၀၂၃ ခုနှစ် ဇူလိုင်(၁) ရက်က စတင်၍ ပြင်ဆင်ခဲ့ပြီး ၂၀၂၃ ခုနှစ် သြဂုတ် (၃၀)ရက်က ပြင်ဆင်ပြီးစီးရာ ၂၀၂၃ ခုနှစ် နိုဝင်ဘာ(၁)ရက်တွင် ရထားလမ်းပိုင်း ပြန်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

“မိုးကောင်းမှာပဲ အခြေပြုမှာမို့လို့ပါ။ ပြင်ဆင်တဲ့ အပိုင်းမှာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို တင်ပြပြီး သူတို့ ရွေးချယ်မှု လမ်းညွှန်မှုနဲ့ ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဘူတာတွေ အကုန် ရပ်ပေးမှာ ဒေသထွက် ပစ္စည်းတွေ ဝယ်လို့ရအောင်။ မြစ်ကြီးနားကျတော့ အရမ်းဈေးကြီးတယ်။ မိုးကောင်းကျတော့ တစ်ပိုင် တစ်နိုင်ထွက်လာတဲ့ သစ်သီးဝလံ စိုက်ပျိုးမွေးမြူရေးက ထွက်လာတဲ့ဟာတွေကို မြစ်ကြီးနားမှာရောင်းရင် သူတို့အတွက် အဆင်ပြေတာပေါ့။ ပြည်နယ်အစိုးရ ဝန်ကြီးချုပ်ရဲ့ အစီစဉ်နဲ့ပဲ ဆောင်ရွက်တာပါ။”ဟု ၎င်းက ဆက်ပြောသည်။

မိုးကောင်း-မြစ်ကြီးနား-မိုးကောင်း ရထားခရီးစဉ် လတ်မှတ်နှုန်းထားမှာ ခရီးစဉ် အစအဆုံး ကျပ် (၃၀၀၀) ဖြစ်ပြီး ကျသင့်သည့် လတ်မှတ်ခ နှုန်းထားကို ပြည်နယ်အစိုးရအဖွဲ့က နိုဝင်ဘာတစ်လလုံး ကျခံပေးရန် ပြည်နယ်ဝန်ကြီးချုပ်က စီမံပေးခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here