ဓာတ်ဆီဈေးနှုန်းနှင့် ဒီဇယ်ဈေးနှုန်း အနည်းငယ်ကျဆင်းလာ

0
238

ယခုတစ်ပါတ်အတွက် ထုတ်ပြန်ထားသည့် စက်သုံးဆီဈေးနှုန်းသည် ဓာတ်ဆီဈေးနှုန်းနှင့် ဒီဇယ်ဈေးနှုန်းအနည်းငယ်ကျဆင်းလာကြောင်း ထုတ်ပြန်ထားသည့် ဈေးနှုန်းများအရ သိရသည်။

ယခုတစ်ပတ်အတွက် ဈေးကွက်အတွင်း ရောင်းချရန် ယနေ့ နိုဝင်ဘာ (၆)ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားခြင်းဖြစ်ပြီး ဈေးနှုန်းများမှာ ၉၂ တစ်လီတာ ၂၀၆၀ ကျပ်၊ ၉၅ တစ်လီတာ ၂၁၆၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၁၉၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၃၂၀ ကျပ်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် တစ်ပါတ် စက်သုံးဆီဈေးနှုန်းမှာ ၉၂ တစ်လီတာ ၂၀၈၀ ကျပ်၊ ၉၅ တစ်လီတာ ၂၁၉၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၂၄၀ ကျပ်၊ ပရီမီယံ ဒီဇယ်တစ်လီတာ ၂၃၅၀ ကျပ်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အသစ်ပြန်လည်ဖွဲ့စည်းလိုက်သည့် စက်သုံးဆီအသင်းအနေဖြင့် ပြည်တွင်း၌ ရောင်းချရမည့် စက်သုံးဆီဈေး နှုန်းကို တစ်ပါတ်တစ်ကြိမ်တွင်သာ သတ်မှတ်ထုတ်ပြန်ပေးနေခြင်းဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာ (၁၃) ရက်တွင် အမိန့်ကြော်ငြာစာအမှတ် ၆၈/၂၀၂၃ ဖြင့်ယခင် စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကို ဖျက်သိမ်းခဲ့ပြီး အဆိုပါနေ့တွင်ပင် ၀၀၁/၂၀၂၃ ဖြင့် အသစ်ထပ်မံပြင်ဆင်ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

ယင်းသို့ ပြင်ဆင်ဖွဲ့စည်းရာတွင် ပြည်ပမှ တင်သွင်းသုံးစွဲနေရသည့် စက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းကဏ္ဍကို ပိုမိုထိရောက်စွာ ထိန်းကျောင်းကိုင်တွယ်ဆောင်ရွက်နိုင်ရေး၊ တင်သွင်းလာသည့် စက်သုံးဆီများအရည်အသွေးပြည့်မီရေးနှင့် ပြည်သူများ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးတို့ကို ကြီးကြပ်ကွပ်ကဲခြင်းများပြုလုပ်နိုင်ရန်အတွက် ဝန်ကြီးဌာနနှင့် ပုဂ္ဂလိက ကဏ္ဍမှသက်ဆိုင်ရာ Stake Holder များပါဝင်သည့် စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကို ပြင်ဆင်ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here