လားရှိုးမြို့ရှောင် လမ်းမကြီးတွင် လမ်းခရီး ဆက်သွားမရဘဲ ပိတ်မိနေသည့် ခရီးသွားများကို လူမှုရေးအသင်းများမှ ထမင်းဗူးများ သွားရောက်လှူဒါန်းပေးနေရ

0
272

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် ထိတွေ့ဖြစ်ပွားမှုများကြောင့် လားရှိုးမြို့ရှောင် လမ်းမကြီးပေါ်တွင် လမ်းခရီးဆက်သွားမရဘဲ ပိတ်မိနေသည့် ယာဉ်မောင်းများနှင့် ခရီးသွားများကို လားရှိုးအခြေစိုက် ပရဟိတအသင်းများမှ နေ့လည်စာနှင့် ညစာအတွက် ထမင်းဗူးများ သွားရောက်လှူဒါန်းပေးနေရကြောင်း သိရသည်။

လားရှိုးမြို့ရှောင် လမ်းမကြီးပေါ်တွင် လမ်းခရီး ဆက်သွားမရဘဲ ပိတ်မိနေသည့် ယာဉ်မှူးကြီးများ၊ ယာဉ်နောက်လိုက်များ၊ ခရီးသွား မိဘပြည်သူများတို့မှာ ပိတ်မိရက်ကာလရှည်ကာ စားသောက်ရန် အခက်အခဲရှိလာသည့်အတွက်နိုဝင်ဘာ (၆) ရက်တွင် သွားရောက်ကူညီပေးခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ခရီးဆက်သွားမရဘဲ ပိတ်မိရက်ကာလရှည်လျားလာသည့်အတွက် စားသောက်ရန် အခက်အခဲ ရှိလာကြောင်း လားရှိုးအခြေစိုက် ပရဟိတအသင်းများထံသို့ အကူအညီတောင်းခံလာသဖြင့် အလှူရှင်များ လှူဒါန်းသည်များကို ချက်ပြုတ်၍ နေ့လယ်စာနှင့် ညစာအတွက် ထမင်းဗူးများသွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ ပိတ်မိနေသည့် ယာဉ်မှူးကြီးများ၊ ယာဉ်နောက်လိုက်များ၊ ခရီးသွားများကို နေ့စဉ်ကူညီမှုများ လုပ်ဆောင်မည်ဖြစ်ပါသဖြင့် လှူဒါန်းလိုသူများမှ စိုင်းဝသုန်ထွန်း 09-4037 30774 ၊ 09771100032 (Kpay)၊ ကိုသက်ပိုင်-09 755900 860 (Kpay) တို့အား ဆက်သွယ်လှူဒါန်းနိုင်ပြီး အသင်းရုံး ရပ်ကွက်(၇)၊ ရန်ကင်းလမ်း၊ စိန်ကြယ်ဒံပေါက်အနီးသို့ လူကိုယ်တိုင် လာရောက်လှူဒါန်းနိုင်ပါကြောင်းလည်း အသိပေးထားသည်။

လက်ရှိအချိန်ထိ မြန်မာ့တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့အကြား ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး မူဆယ် – လားရှိုး ပြည်ထောင်စုလမ်းကို အသုံးပြု၍ မရဖြစ်နေသေးကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းကဲ့သို့ မူဆယ် – လားရှိုး ပြည်ထောင်စုလမ်းပိုင်း ပိတ်ထားဆဲဖြစ်သည့်အတွက် မူဆယ်မြို့မှ လားရှိုးမြို့သို့ သွားရောက်လိုသူများအနေဖြင့် မူဆယ် – နမ့်ခမ်း – မိုင်းဝီး – နမ့်ဟိုင် – နမ္မတူ – လားရှိုး လမ်းပိုင်းကို အသုံးပြုကာ သွားလာနေရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here