လောက်ကိုင်မှ လားရှိုးသို့ ပြန်လာသည့် ကားအစီးရေ (၁၀၀) ကျော်နှင့် လူပေါင်းရာချီ လမ်းခရီးတွင် ပိတ်မိနေကာ စားသောက်နေထိုင်ရေး ခက်ခဲနေ

0
381

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် လောက်ကိုင်မှ လားရှိုးသို့ ပြန်လာသည့် ကားအစီးရေ (၁၀၀)ကျော်နှင့် လူပေါင်းရာနှင့်ချီ လမ်းခရီးတွင် ပိတ်မိနေပြီး စားသောက်နေထိုင်ရေး ခက်ခဲနေကြောင်း လမ်းတွင် ပိတ်မိနေသူများထံ ဆက်သွယ်မေးမြန်းမှုအရ သိရသည်။

လောက်ကိုင်မှ လားရှိုးသို့ လမ်းပွင့်နေပြီဆိုသည့် သတင်းအမှားများကြောင့် ကိုးကန့်ဒေသမှ ‌လောက်ကိုင်မြို့တွင် ပိတ်မိနေသည့် ဒေသခံများက နိုဝင်ဘာ (၅)ရက်ကပင် လောက်ကိုင်မြို့မှ ပြန်လာကြရာ ပါစင်ကျော်ကျေးရွာ အကျော်တွင် ပိတ်မိနေကြောင်း သတင်းများထွက်‌ပေါ်နေသည့်အတွက် စုံစမ်းမေးမြန်းကြည့်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာ (၄) ရက်ကလည်း လောက်ကိုင်မြို့မှ တိုက်ပွဲရှောင် ပြည်သူများ (၃) ရက်ကြာ ခြေလျင်လျှောက်ပြီး ပြန်လာကြသည်ဟုဆိုသော ဗီဒီယိုဖိုင်တစ်ခု ပျံ့နှံ့ခဲ့ပြီး ယင်းကိစ္စနှင့် ပတ်သက်၍ မေးမြန်းကြည့်ရာ ပိတ်မိနေသူများအနေဖြင့် အုပ်စုလိုက်ခွဲပြီး ပြန်ကြရာမှ ယခုကဲ့သို့ အစုလိုက် အပြုံလိုက် ပိတ်မိကာ ဒုက္ခရောက်နေကြခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် လမ်းခရီး၌ အိမ်စီးကားများနှင့် ခရီးသည်တင်ကား အပါအဝင် ယာဉ်အစီးရေ (၁၀၀) နီးပါးနှင့် ပိတ်မိနေသူ ခန့်မှန်းချေ (၄၀၀)ကျော်ရှိပြီး ကလေးငယ်များလည်း ပါဝင်ကြောင်း သိရသည်။

“လမ်းမှာပဲရှိသေးတယ်။ အရမ်းလည်း ဒုက္ခရောက်တယ်။ ရှေ့လည်းသွားမရ နောက်လည်း ပြန်လှည့်မရ ဖြစ်နေတာ။ တချို့တွေကတော့ လမ်းလျောက်ပြန်ကြတယ်ပြောပါတယ်။ပါလာတဲ့ အစားသောက်တွေနဲ့ပဲ ဖြည့်တင်းနေရတယ်”ဟု ပိတ်မိနေသူ တစ်ဦးက ပြောဆိုသည်။

၎င်းလမ်းခရီးတွင် မြန်မာဘက်အခြမ်းမှ ဖုန်းလိုင်းများ အသုံးပြု၍ မရဘဲ တရုတ်ဖုန်းကဒ်များသာ အသုံးပြု ဆက်သွယ်နေရကြောင်းနှင့် လမ်းခရီးတွင် ပိတ်မိနေသူများမှ အသင့်ယူဆောင်လာသည့် အစားစာများ မုန့်ထုပ်များ၊ ခေါက်ဆွဲခြောက်များကိုသာ စားသောက်နေရသောကြောင့် အခက်ခဲများဖြစ်နေကြောင်း သိရသည်။

ထို့အပြင် လားရှိုးမြို့ရှောင် လမ်းမကြီးပေါ်တွင်လည်း လမ်းခရီး ဆက်သွားမရဘဲ ပိတ်မိနေသည့် ယာဉ်မောင်းများနှင့် ခရီးသွားများရှိနေပြီး ၎င်းတို့အား လားရှိုးအခြေစိုက်ပရဟိတအသင်းများမှ နေ့လယ်စာနှင့် ညစာအတွက် ထမင်းဗူးများ သွားရောက်လှူဒါန်းပေးနေရကြောင်းလည်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here