ကိုးကန့်ဒေသခံ (၁၀၀၀၀) ကျော် နယ်စပ်မျဉ်း မိုင်တိုင်အမှတ် (၁၂၅) သို့ တိုက်ပွဲရှောင်လာရာ အသုံးဆောင်များနှင့် စားနပ်ရိက္ခာများ လိုအပ်နေ

0
152

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကိုးကန့်ဒေသ နေရာအနှံ့တွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ဒေသခံ (၁၀၀၀၀) ကျော်မှာ တရုတ် – မြန်မာနယ်စပ်မျဉ်း မိုင်တိုင်အမှတ် (၁၂၅) တိုက်ပွဲရှောင်စခန်းသို့ ရောက်ရှိလာရာ လူ့အသုံးဆောင်များနှင့် စားနပ်ရိက္ခာများ ပြတ်လတ်မှုနှင့် ရင်ဆိုင်နေရကြောင်း တိုက်ပွဲရှောင်စခန်း တာဝန်ခံ ပြောဆိုချက်အရ သိရသည်။

လက်ရှိတွင် တိုက်ပွဲဧရိယာအတွင်းရှိ ကိုးကန့်ဒေသ နေရာအနှံ့မှ ဒေသခံများသည် ၎င်းတို့၏ နေအိမ်များနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို စွန့်ခွာကာ လုံခြုံသည်ဟု ယူဆသည့် နေရာများသို့ တိမ်းရှောင်နေရကြောင်း တိုက်ပွဲရှောင်စခန်း တာဝန်ခံထံမှ သိရသည်။

ထို့ကြောင့် ၎င်းတို့ နေထိုင်ရေးနှင့် အခြေခံဘဝ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဒေသဆိုင်ရာ လူမှုအဖွဲ့အစည်း “ကိုးကန့်ပရဟိတ စုပေါင်းအဖွဲ့”မှ သက်ဆိုင်ရာ လူမှုဖူလုံရေးအဖွဲ့များက တက်ကြွစွာ စည်းရုံးပြီး တရုတ် – မြန်မာ နယ်စပ်မျဉ်း မိုင်တိုင်အမှတ် (၁၂၅)အနီးတွင် ၌ တိုက်ပွဲရှောင်စခန်း ထူထောင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့၏ ပံ့ပိုးကူညီမှု၊ အိမ်နီးချင်းနိုင်ငံများ၏ ထောက်ပံ့မှုနှင့် လူမှုအဖွဲ့အစည်းများ၏ လှူဒါန်းမှုဖြင့် လက်ရှိတွင် (၁၂၅) တိုက်ပွဲရှောင်စခန်း၌ ပြည်သူ (၁၀၀၀၀) ကျော်ကို စနစ်တကျ ကူညီပေးနေကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲရှောင်စခန်း နေရာကို အောက်တိုဘာ (၃၀) ရက်မှ စတင်ကာ သန့်ရှင်းရေးပြုလုပ်ခြင်း၊ ရေမြောင်းဖော်ခြင်း၊ လျှပ်စစ်မီးရရှိရေးလုပ်ငန်းများကို စတင်လုပ်ဆောင်ခဲ့ပြီး ကျေးရွာအုပ်စု၊ ကျေးရွာအသီးသီးမှ ပြည်သူများကို ဆက်တိုက်လက်ခံနေရာချထားပေးနေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ လျှပ်စစ်မီး အသုံးပြုနိုင်ပြီ ဖြစ်သော်လည်း ရေပြတ်လပ်နေကြောင်း၊ တိုက်ပွဲရှောင်များ၏ နေ့စဉ်ဘဝ နေထိုင်ရေး လိုအပ်ချက်များကို အပြည့်အဝ မဖြည့်ဆည်းပေးနိုင်သောကြောင့် အများစုမှာ မြေကွက်လပ်တွင် အမိုးအကာအဖြစ် ရွက်ဖျင်တဲများကို အသုံးပြုနေရကြောင်း သိရသည်။

ထို့ကြောင့် ရွက်ဖျင်တဲနှင့် မိုးကာစသည့် အသုံးအဆောင်ပစ္စည်းများ ပြတ်လပ်နေကြောင်း၊ ပိုးသတ်ဆေးများနှင့် စားနပ် ရိက္ခာများလည်း လိုအပ်နေကြောင်း တိုက်ပွဲရှောင်စခန်း တာဝန်ခံ ပြောဆိုချက်အရ သိရသည်။

အဆိုပါ တိုက်ပွဲရှောင်စခန်းတွင် ပရဟိတအဖွဲ့များ၊ စေတနာ့ ဝန်ထမ်းများမှ စည်းရုံးကူညီပေးလျက်ရှိရာ လက်ရှိ ပရဟိတအဖွဲ့အသီးသီးနှင့် လူပုဂ္ဂိုလ်များမှ ကူညီပေးနေရာ တိုက်ပွဲရှောင်စခန်း၌ စေတနာ့ဝန်ထမ်းပေါင်း (၁၇၀) ကျော်ရှိကြောင်း သိရသည်။

၎င်းအပြင် (၁၂၅) တိုက်ပွဲရှောင်စခန်း၌ ရုံးခန်း၊ ဆေးခန်းများထားရှိပြီး နေ့စဉ် ဝင်ရောက်လာသူများအတွက် အချက်အလက်များ မှတ်တမ်းတင်ကာ ဆေးခန်းမှာလည်း ရောက်ရှိလာသူများကို ကျန်းမာရေး ထောက်ပံ့ပေးနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here