မူးယစ်ဆေးဝါးနှိမ်နင်းရေး၊ တရားဥပဒေစိုးမိုးရေး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ စွမ်းရည်ကို မြှင်တင့်ရေးတို့ လိုအပ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား

0
253

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် ပြဿနာ၏ အစမှာ မူးယစ်ဆေးဝါးဖြစ်သောကြောင့် မူးယစ်ဆေးဝါးအမြစ်ပြတ်နှိမ်နင်းရေး တရားဥပဒေစိုးမိုးရေးအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ စွမ်းရည်ကို မြှင့်တင်ရန်လိုအပ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

နိုဝင်ဘာ (၈)ရက် နေ့လယ်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၃/၂၀၂၃)တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် ပြဿနာ၏ အစမှာ မူးယစ်ဆေးဝါး ပြဿနာပင်ဖြစ်ကြောင်းလည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားသည်။

ထို့အပြင် လက်ရှိ တပ်မတော်အား တိုက်ခိုက်နေသည့် အဖွဲ့များသည် မူးယစ်ဆေးဝါးမှ ရရှိသောငွေများဖြင့် အာဏာရရှိရေးကို လက်နက် ကိုင်လမ်းစဉ်ဖြင့် အသက်ဆက်ကာ ၎င်းလမ်းစဉ်ဖြင့် မူးယစ်ဆေးထုတ်လုပ်၊ သယ်ဆောင်ရောင်းချမှုကို ကာကွယ်ခဲ့သည့်အပြင် လောင်းကစားကဲ့သို့ တရားမဝင်လုပ်ငန်းများကိုလည်း လုပ်ဆောင်ခဲ့ကြောင်းလည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ထိုကြောင့် ပြဿနာ၏ အရင်းအမြစ်ဖြစ်သည့် မူးယစ်ဆေးဝါးအမြစ်ပြတ်နှိမ်နင်းရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ စွမ်းရည်မြင့်မားရေးကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့တွင် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး ရဲတပ်ဖွဲ့နှင့် လက်နက်ကိုင်ရဲတပ်ဖွဲ့ဟူ၍ နှစ်မျိုးရှိပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ယခုထက်စွမ်းရည် တိုးတက်မြင့်မားရေးကို ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ဆက်လက် ပြောကြားခဲ့သည်။

ယနေ့ပြုလုပ်သည့် ကာလုံအစည်းအဝေးသို့ ယာယီသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်ဆန်း၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ နယ်စပ်ရေးရာဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ နစက အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး အပါအဝင် ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here