ချေးငွေရယူထားသည့် ဆီစက်လုပ်ငန်းရှင်များ အမှန်တကယ်အသုံးချမှု ရှိ/မရှိ၊ ဆီစက်လည်ပတ်မှု ရှိ/မရှိစစ်ဆေးမှုများပြုလုပ်ခဲ့

0
120

ဆီစက်ချေးငွေ ရယူထားသည့် လုပ်ငန်းရှင်များအနေဖြင့် ချေးငွေကို ဆီစက်လုပ်ငန်းတွင် အမှန်တကယ် အသုံးချမှု ရှိ/မရှိ၊ ဆီစက်လည်ပတ်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆီစက်လုပ်ငန်းများ ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ချေးငွေစီစစ်ကြီးကြပ်ရေးနှင့် စောင့်ကြည့်လေ့လာသုံးသပ်ရေးအဖွဲ့၏ ညှိနှိုင်းအစည်းအဝေးကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌တွင် ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် အဖွဲ့ခေါင်းဆောင်၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က ချေးငွေရယူထားသော ဆီစက်လုပ်ငန်းရှင်များအနေဖြင့် ချေးငွေကို အမှန်တကယ်အသုံးချပြီး လည်ပတ်မှုရှိသည်ကို တွေ့ရှိရသည့်အတွက် ချေးငွေများ ပြန်လည်ပေးဆပ်နိုင်မည်ဟု သုံးသပ်ရရှိကြောင်း ပြောကြားခဲ့သည်။

ချေးငွေရယူထားပြီးသော ဆီစက်လုပ်ငန်းရှင်များအတွက် လုပ်ငန်းအသုံးချမှု အစီရင်ခံစာများရေးဆွဲနိုင်ရေးနှင့်အဖွဲ့၏ နှစ်လတ်အစီရင်ခံစာ (Mid-term Report)နှင့် အပြီးသတ်အစီရင်ခံစာ (Final Report) များအတွက် အချက်အလက်များ ကြိုတင်ပြုစုထားရန် လိုကြောင်းပြောကြားခဲ့သည်။

ထို့ပြင် ထုတ်လုပ်မှုအပိုင်းတွင်လည်း မြေပြင်အခြေအနေမှန်နှင့် ဒေသအလိုက်လည်ပတ်မှုအခြေအနေများ သိရှိနိုင်ရေးနှင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဖွဲ့စည်းထားသည့်အဖွဲ့များအနေဖြင့်လည်း လုပ်ငန်းရှင်များအား ဆက်လက်ကူညီနိုင်ရေး ကြီးကြပ်ဆောင်ရွက်ပေးရန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး အဖွဲ့ခေါင်းဆောင်၊ အမြဲတမ်းအတွင်းဝန်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် ဇူလိုင်လမှ အောက်တိုဘာလအထိ နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ် ခုနှစ်ခုမှ လုပ်ငန်းရှင် (၂၁) ဦးကို ချေးငွေ ကျပ် ၁၇၇၃ သန်း ထုတ်ချေးပေးခဲ့ပြီးဖြစ်သည်။

ထို့ပြင် ဒုတိယအကြိမ် ချေးငွေအဆိုပြုလွှာများကို ပြီးခဲ့သည့် စက်တင်ဘာ (၂၄) ရက်တွင် ထပ်မံခေါ်ယူထားပြီး ချေးငွေ စံသတ်မှတ်ချက်နှင့်ကိုက်ညီသည့် လုပ်ငန်းရှင်များကို ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here