ရှမ်းမြောက်ကို ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ပြောကြား

0
399

မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့က ၁၀၂၇ စစ်ဆင်ရေးအမည်ဖြင့် ထိုးစစ်ဆင် တိုက်ခိုက်လာမှုကြောင့် တရုတ် – မြန်မာ နယ်စပ်ရှိ ချင်းရွှေဟော်မြို့ အပါအဝင် ဒေသအချို့ကို လက်လွှတ်ခဲ့ရသော်လည်း လက်ရှိတွင် ပြန်လည်ထိန်းချုပ်နိုင်နေပြီ ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

ယမန်နေ့ နိုဝင်ဘာ (၈) ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်‌ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ရုံးတွင် ပြုလုပ်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၃/ ၂၀၂၃) တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ‌ပြောကြားခဲ့ခြင်းဖြစ်သည်။

” မိမိတို့အနေဖြင့် တုန့်ပြန်မှုများကို ဆောင်ရွက်ခဲ့ပါတယ်။ ယခုအခါမှာ မိမိတို့အနေဖြင့် ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

အောက်တိုဘာ (၂၇) ရက်က စတင်ခဲ့သည့် မြောက်ပိုင်း မဟာမိတ်(၃) ဖွဲ့နှင့် မြန်မာ့တပ်မတော်တို့၏ တိုက်ပွဲများအတွင်း ချင်းရွှေဟော် ၊ကြူကုတ်နှင့် ဖေါင်းဆိုင် မြို့ (၃) မြို့ကို လက်လွှတ်ခဲ့ရပြီး လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ ထိခိုက်ကျဆုံးမှုနှင့် လက်နက်ခဲယမ်းများ ဆုံးရှုံးခဲ့ရမှုများလည်း ရှိခဲ့ကြောင်း နစက သတင်းမှန်ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက တရားဝင်ပြောကြားထားပြီးလည်း ဖြစ်သည်။

အလားတူ မြောက်ပိုင်း မဟာမိတ်အဖွဲ့များ အနေဖြင့်လည်း ထိခိုက်ကျဆုံးမှုများပြားခဲ့ပြီး တပ်မတော်အနေဖြင့် လိုအပ်သည့် တုန့်ပြန်ဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ယမန်နေ့ကပြုလုပ်သည့် ကာလုံအစည်းအဝေးတွင် ထည့်သွင်း ပြောကြားသွားသည်။

လက်ရှိ တိုက်ပွဲများဖြစ်ပွားနေသည့် ဧရိယာသည် တရုတ် – မြန်မာ နယ်စပ်ဧရိယာတွင် ဖြစ်သည့်အပြင် နှစ်နိုင်ငံ ကုန်သွယ်ရေးလမ်းကြောင်း၏ အဓိကကျသည့်နေရာများတွင် ဖြစ်နေသည့်အတွက် ထိန်းသိမ်းဆောင်ရွက်နေရကြောင်းလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဆိုသည်။

ယခုဖြစ်စဉ်ကြောင့် တရုတ် – မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး ထိခိုက်စေနိုင်ကြောင်းလည်း ၎င်းကထည့်သွင်း ပြောကြားသွားသည်။

ထို့အပြင် ယာယီသမ္မတ ဦးမြင့်ဆွေကလည်း တပ်မတော်အနေဖြင့် စွမ်းစွမ်းတမံ မဆောင်ရွက်နိုင်ပါက တိုင်းပြည်အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားနိုင်​ကြောင်း၊ တပ်မတော်အနေဖြင့် အသက်စွန့်တာဝန်ထမ်းဆောင် ကာကွယ်နိုင်ခဲ့သည့်အတွက် ယခုကဲ့သို့ အတိုင်းအတာတစ်ခုအထိ တည်ငြိမ်မှုရရှိနေခြင်းဖြစ်ကြောင်း၊ ယနေ့ဆွေးနွေးတင်ပြချက်များကို မှတ်တမ်းတင်ပါကြောင်း ပြောကြားခဲ့သည်။

တိုက်ပွဲစတင်ခဲ့သည့် ရက်မှ လက်ရှိအချိန်ထိ တပ်မတော် တပ်စခန်းအများအပြားနှင့် လက်နက်ခဲယမ်းအ​မြောက်အများကို သိမ်းဆည်းရမိ‌ထားကြောင်း မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့များက နေ့စဉ်သတင်းထုတ်ပြန်မှုများ ပြုလုပ်လျက် ရှိနေသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here