တရုတ်နိုင်ငံသို့ ဝင်ရောက်ရန် တန်းစီနေသည့် အမျိုးသမီးထံမှ ခါးပိုက်နှိုက်သည့် အမျိုးသား နှစ်ဦးကို ဒေသဆိုင်ရာ လုံခြုံရေးအဖွဲ့နှင့် ပြည်သူများမှ ဝိုင်းဝန်းဖမ်းဆီး

0
228

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့ရှိ တရုတ် – မြန်မာ နယ်စပ်ဖြတ်ကျော်သည့် နန်းတော်ဂိတ်တွင် တရုတ်နိုင်ငံသို့ ဝင်ရောက်ရန် တန်းစီနေသည့် အမျိုးသမီး တစ်ဦးထံမှ ခါးပိုက်နှိုက်သည့် အမျိုးသား နှစ်ဦးကို  ဝိုင်းဝန်းဖမ်းဆီးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

တရုတ် – မြန်မာ နယ်စပ် မူဆယ်မြို့ နန်းတော်ဂိတ်တွင် နိုဝင်ဘာ (၈) ရက် ညနေ (၆)နာရီခန့်က တရုတ်နိုင်ငံသို့ ဝင်ရောက်ရန် တန်းစီနေသည့် အမျိုးသမီး တစ်ဦးထံမှ အမျိုးသား နှစ်ဦးက ခါးပိုက်နှိုက်ခဲ့ခြင်းဖြစ်ပြီး အနီးနားရှိသူများမှ တွေ့ရှိခဲ့သဖြင့် တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနေပြည်သူ့စစ်များနှင့် ပြည်သူများမှ ပူးပေါင်း ဖမ်းဆီးခဲ့ရကြောင်း သိရသည်။

“တရုတ်နိုင်ငံထဲဝင်ဖို့ တန်းစီနေတဲ့ အမျိုးသမီး တစ်ယောက်ဆီက ကပ်နိုက်တာ။ ဘေးကလူကအော်တော့ ဝိုင်းဖမ်းတာ ခါးပိုက်နှိုက်က နှစ်ယောက် ဓါးပါတာပေါ့။ ပိုက်ဆံအိတ်လုတာ၊ အဲ့ဒါကို ဝိုင်းပြီး ဖမ်းတာ။ ကျိုးပဲ့ဒဏ်ရာတွေ ရသွားတယ်။ ဒီကောင်တွေက တစ်မြို့လုံးကို လှည့်မွှေနေတာ”ဟု မူဆယ်ဒေသခံ ပရဟိတ လုပ်ကိုင်သူ တစ်ဦးက ပြောသည်။  

ထိုသို့ ဝိုင်းဝန်းဖမ်းဆီးမှုကြောင့် ကျူးလွန်သူ အမျိုးသား နှစ်ဦးတွင် ကျိုးပဲ့ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ တာဝန်ရှိသူများမှ လိုအပ်သလို ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

မူဆယ်မြို့တွင် တရားဥပဒေစိုးမိုးမှု အားနည်းခြင်းကြောင့် နေ့စဉ် လုယက်မှု၊ ဖောက်ထွင်းမှု၊ ဓါးပြမှု အပါအဝင် မှုခင်းဖြစ်စဉ်များ ဖြစ်ပေါ်နေရကြောင်း ဒေသခံ ပရဟိတ လုပ်ကိုင်နေသူများထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here