ယာဥ်စီးခ ပိုမိုကောက်ခံသည့် YBS ယာဥ်စီးရေ (၁၀၀) ကျော်ကို CNG ထုတ်ယူခွင့်ပိတ်

0
314

ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် ခရီးသည်တင် YBS ယာဉ်လိုင်းများမှ ယာဉ်စီးခပိုမိုကောက်ခံသည့် အစီးရေ ၁၀၀ ကျော်ကို CNG လုပ်ငန်းလိုင်စင် ပိတ်သိမ်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပိုင်သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ YRTC မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန် က ပြောသည်။

အဆိုပါ လုပ်ငန်းလိုင်စင် ပိတ်သိမ်းအရေးယူခြင်းကို ပြီးခဲ့သည့် အောက်တိုဘာလ (၇) ရက်မှ စတင်ဆောင်ရွက်ခြင်းဖြစ်ပြီး ခရီးသည်များ၏ တိုင်ကြားလာမှုများကြောင့်ဖြစ်ကြောင်း သိရသည်။

“အခုက တော်တော်ဆိုးတယ်။ အခုဆိုရင် လုပ်ငန်းလိုင်စင်ပိတ်သိမ်းတာ၊ CNG ထုတ်ယူခွင့်ပိတ်သိမ်းတာတွေနဲ့ ထိထိရောက်ရောက်အရေးယူဆောင်ရွက်မှုတွေလုပ်နေတယ်။ မီးနီးဖြတ်မောင်းတာတွေကို ထိထိရောက်ရောက်အရေးယူတာတွေလုပ်နေတယ်”ဟု ၎င်းကဆိုသည်။

YBS ယာဥ်လိုင်းများ ခရီးစဥ်မှတ်တမ်းမပါက CNG လိုင်စင် (၃) လ၊ ယာဥ်အကူပါရှိပါက CNG လိုင်စင် (၃) လ၊ သတ်မှတ်ယာဉ်စီးခထက် ပိုမိုကောက်ခံပါက CNG လိုင်စင် (၆) လ၊ ယာဉ်တစ်စီးထဲတွင် ယာဥ်အကူနှင့် ယာဥ်စီးခ ပိုမိုပေါက်ခံပါက CNG လိုင်စင် (၁) နှစ် နှင့် ဒီဇယ်ဖြင့် မောင်းနှင်သည့် ယာဥ်ဆိုပါက လုပ်ငန်းလိုင်စင် (၁) နှစ် ပိတ်သိမ်းမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ် ဇန်နဝါရီ (၁) ရက်မှ စက်တင်ဘာ (၃၀) ရက်အတွင်း စည်းကမ်းဖောက်ဖျက်သည့် YBS ယာဥ်စီးရေ ၁၇၀ ၀၀၀ နီးပါးကို အရေးယူမှုများ ပြုလုပ်ထားပြီး သုံးကြိမ်နှင့်အထက် စည်းကမ်းဖောက်ဖျက်ပါက ယာဥ်လိုင်းပြေးဆွဲခွင့်ကိုပါ ပိတ်မည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here