မန္တလေးမြို့တွင် ညမထွက်ရအမိန့်ကို ရုပ်သိမ်းထားပြီး ညဘက်ပေါ်တာဆွဲခြင်း၊ လူစုဆောင်းခြင်း မရှိကြောင်း လိုက်လံအသိပေးကြေညာ

0
282

မန္တလေးမြို့တွင် အများပြည်သူတို့၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေရန် ပြုမှုနေမှုများ မရှိတော့ကြောင်း စီစစ်တွေ့ရှိရသဖြင့် ညမထွက်ရအမိန့်ကို ပြန်လည် ရုပ်သိမ်းထားပြီး ညဘက်ပေါ်တာဆွဲခြင်း လူစုဆောင်းခြင်း မရှိကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများမှ လိုက်လံအသိပေးကြေညာနေကြောင်း ဒေသခံများထံက သိရသည်။

ထို့ကြောင့် လူမှုကွန်ရက်စာမျက်နှာများတွင် ကောလာဟလ ပျံ့နှံ့နေသည့် ညဘက်ပေါ်တာဆွဲခြင်း၊ လူစုဆောင်းခြင်းများမရှိကြောင်းနှင့် အဓမ္မလုပ်သားအဖြစ် ခေါ်ယူစုဆောင်းမှုများလည်း မရှိကြောင်း တာဝန်ရှိသူများမှ ကားဖြင့် ပတ်ပြီး လိုက်လံအသိပေးကြေညာပေးနေကြောင်း သိရသည်။

မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်အများစုတွင် ၂၀ ၂၃ ခုနှစ် နိုဝင်ဘာ (၁) ရက်က စတင်ပြီး ညမထွက်ရအမိန့် ပြန်လည်ရုပ်သိမ်းကြောင်းကို အောက်တိုဘာ (၂၇)ရက်က အသိပေးကြေညာခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း မန္တလေးမြို့တွင် ည (၈) နာရီမှ နံနက် (၄)နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ကြောင်းနှင့် ညဘက်ပေါ်တာဆွဲပြီး လူစုဆောင်းခြင်းများရှိကြောင်း ကောလာဟလထွက်ပေါ် ပြောဆိုမှုများ ရှိလာပြီးနောက်ပိုင်း ယခုကဲ့သို့ လိုက်လံကြေညာပေးနေခြင်းဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း မတ္တရာမြို့နယ်၊ သပိတ်ကျင်းမြို့နယ်၊ စဉ့်ကူးမြို့နယ်နှင့် မိုးကုတ်မြို့နယ်တို့မှလွဲ၍ ကျန်မြို့နယ်များတွင် ညမထွက်ရအမိန့်ကို ပြန်လည်ရုပ်သိမ်းပြီးဖြစ်ကြောင်း ကြေညာထားချက်များအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here