ရှမ်းမြောက်တွင် တိုက်ပွဲပြင်းထန်နေချိန် စစ်ကိုင်းတိုင်း၌ PDF များက “ပွဲလန့်တုန်းဖျာခင်း” နေကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ပြော

0
441

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားနေချိန်အတွင်း ပွဲလန့်တုန်းဖျာခင်းသည့်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အချို့နေရာများတွင် PDF များကဝင်ရောက်တိုက်ခိုက်မှုများ လုပ်ဆောင်လာကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ယမန်နေ့ နိုဝင်ဘာ (၈) ရက် နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ရုံးတွင် ပြုလုပ်သည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အစည်းဝေးအမှတ် (၃/၂၀၂၃) တွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ယင်းကဲ့သို့ လုပ်ဆောင်ရာတွင် PDF များနှင့်အတူ KIA နှင့် AA အဖွဲ့တို့လည်းပါဝင်သည်ကို တွေ့ရပြီး ထိုသို့တွေ့ရှိရသည့်အခြေအနေ များကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီထံ အသိပေးတင်ပြခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ (၂၇) ရက်က စတင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဒေသအချို့တွင် မြောက်ပိုင်း မဟာမိတ် (၃) ဖွဲ့ မှ တပ်မတော်တပ်စခန်းများ လုံခြုံရေးကင်းစခန်းများကို တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး လက်ရှိအချိန်ထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တိုက်ပွဲများ ပြင်းထန်နေချိန်၌ KIA ၊ AA နှင့် PDF ပူးပေါင်းအဖွဲ့များသည် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ဝင်ရောက်တိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းလည်း ဖြစ်သည်။

ယင်းကဲ့သို့ ဝင်ရောက် တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိရာတွင် စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့အား PDF နှင့် ပူးပေါင်းအဖွဲ့များက အလုံးစုံ ထိန်းချုပ်ထားပြီး ပင်လယ်ဘူးမြို့ကိုလည်း ထိန်းချုပ်ရန် ကြိုးစားနေကြောင်း သတင်းဖြန့်မှုများ လုပ်ဆောင်လျက် ရှိနေသည်။

အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ယမန်နေ့က ကျင်းပသည့် ကာလုံအစည်းအဝေးတွင် ယာယီသမ္မတ ၊ ဒုတိယသမ္မတ နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအပါအဝင် အစည်းအဝေးတက်ရောက်လာသူများအား ရှင်းလင်းတင်ပြခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ကယားပြည်နယ်အတွင်းရှိ လက်နက်ကိုင်အဖွဲ့များကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း ဖြစ်စဉ်နည်းတူ ၁၁၀၇ အမည်ဖြင့် စစ်ဆင်ရေး ဖော်ဆောင်ကြောင်း ကြေညာကာ တပ်မတော် တပ်စခန်းများနှင့် လုံခြုံရေးစခန်းများကို နိုဝင်ဘာ (၇) ရက်က စတင်ကာ ဝင်ရောက်တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here