နှစ်စဉ် ကန်ဒေါ်လာ သန်း ၄၅၀ ခန့် ဝင်ငွေရနေသည့် မြန်မာ့ရော်ဘာသည် နိုင်ငံခြားဝင်ငွေအတွက်အရေးပါသည့် စက်မှုကုန်ကြမ်းသီးနှံတစ်ခုဟု နစက ဥက္ကဋ္ဌပြော

0
237

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ရော်ဘာတင်ပို့မှုမှ တစ်နှစ်လျှင်ပျမ်းမျှ အမေရိကန်ဒေါ်လာ သန်း ၂၅၀ မှ ၄၅၀ ကြားရရှိခဲ့သည့်အတွက် ရော်ဘာသီးနှံသည် နိုင်ငံခြားဝင်ငွေ ရရှိရေးအတွက် အရေးပါသည့် စက်မှုကုန်ကြမ်းသီးနှံတစ်ခုဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ယနေ့ နိုဝင်ဘာ (၉) ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းဗဟိုဌာန (MICC-2) တွင် ကျင်းပသည့် မြန်မာရော်ဘာဖိုရမ်- ၂၀၂၃ ၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် စက်မှုကုန်ကြမ်းသီးနှံဖြစ်သည့် ရော်ဘာကို တိုင်းဒေသကြီးနှင့် ပြည်နယ် (၉) ခုတွင် ဧက ၁ ဒသမ ၆၄ သန်း စိုက်ပျိုးလျက်ရှိပြီး အစေးခြစ် ဧက (၁) သန်းနီးပါးမှ ရော်ဘာတန်ချိန် (၃) သိန်းကျော်ထွက်ရှိကြောင်း နစက ဥက္ကဋ္ဌ၏ ပြောကြားချက်အရ သိရသည်။

ထို့အပြင် နှစ်စဉ်ထွက်ရှိသည့် ရော်ဘာထဲမှ ပြည်တွင်းသုံးစွဲမှုအနေဖြင့် တန်ချိန်နှစ်သောင်းကျော်ခန့်ရှိပြီး ပြည်ပသို့ တန်ချိန် (၃)သိန်းခန့် တင်ပို့လျက်ရှိကြောင်းလည်း သိရသည်။

ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရေးအတွက် အမျိုးသားပို့ကုန်မဟာဗျူဟာရည်မှန်းချက်၏ ဦးစားပေးပို့ကုန် အမယ်များတွင် ရော်ဘာလုပ်ငန်းကဏ္ဍသည် ဦးစားပေးကဏ္ဍတစ်ရပ်
အနေဖြင့် ပါဝင်နေပြီး ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ရော်ဘာတန်ချိန် (၄) သိန်းခန့် ပြည်ပသို့ တင်ပို့နိုင်ရေး လျာထားကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ ရော်ဘာအထွက်နှုန်းနှင့် အရည်အသွေးသည် ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်နိုင်ငံများနှင့် နှိုင်းယှဉ်ပါက အောင်မြင်တိုးတက်မှုအပိုင်းတွင် အားနည်းနေသေးသည်ကို တွေ့ရှိရကြောင်းလည်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ထို့ကြောင့် အခြားသော နိုင်ငံများနည်းတူ ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုနှင့် ရော်ဘာအခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုး
တိုးတက်စေရေးကို မဟာဗျူဟာအစီအစဉ်များရေးဆွဲပြီး ကာလတို၊ ကာလရှည်စီမံကိန်းများနှင့် အကောင်အထည် ဖော်ဆောင်ရွက်ရန်လိုအပ်ပြီး MSME နှင့် အကျုံးဝင်သည့် ရော်ဘာစိုက်ပျိုးရေး လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးကို အားပေးကူညီရမည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် ရော်ဘာစိုက်ပျိုးရေးအတွက် သင့်တော်သည့်ရာသီဥတုနှင့် မြေနေရာများစွာရှိသည့်အတွက် ရော်ဘာတိုးချဲ့ စိုက်ပျိုးရေးကိုလည်း အားပေးကြရမည်ဖြစ်ပြီး စီးပွားရေးအရ တွက်ခြေကိုက်မှု အပေါ်ချိန်ဆကာ ရော်ဘာမျိုးကောင်းများ ပြောင်းလဲစိုက်ပျိုးရေး၊ တိုးချဲ့စိုက်ပျိုးရေးကို
အလေးထား ဆောင်ရွက်သင့်ကြောင်းကိုပါ ထည့်သွင်း ပြောကြားသွားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here