ကိုးကန့်ဒေသတွင်းရှိ တရားမဝင် နိုင်ငံခြားသားများကို တင်းကြပ်စွာ စုံစမ်းဖော်ထုတ်သွားမည်ဖြစ်ပြီး မပူးပေါင်းပါက အင်အားသုံး နှိမ်နှင်းမည်

0
275

ကိုးကန့်‌ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားများကို အထူးစုံစမ်းစစ်ဆေးရေးအစီအစဉ်တစ်ရပ်အနေဖြင့် တင်းကြပ်စွာ စုံစမ်းဖော်ထုတ်သွားမည်ဖြစ်ကြောင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ နိုဝင်ဘာလ (၉) ရက် နေ့လယ် (၁၁) နာရီအချိန်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တာဝန်ရှိသူများ အစည်းအဝေးတစ်ရပ်ပြုလုပ်ကာ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် ယခင်ဆောင်ရွက်ခဲ့သည့်အတွေ့အကြုံများ အပေါ်အခြေခံ၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အကြီးအကဲများသည် စုံစမ်းစစ်ဆေးရေး အစီအစဉ်သစ်တစ်ရပ်ကို ချမှတ်၍ ဒေသတွင်း တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသားများ တင်းကြပ်စွာ စုံစမ်းဖော်ထုတ်ရေးနှင့် တရားမဝင် ဝင်ရောက်လာသူများ လုံးဝမရှိစေရေးနှင့်ပတ်သက်၍ အလေးပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယင်းဆွေးနွေးချက်အရ ချမှတ်ထားသော လုပ်ငန်းတာဝန်များနှင့်အညီ စုံစမ်းစစ်ဆေးမှုလုပ်ငန်းများကို ချက်ချင်းစတင်ဆောင်ရွက်ရမည်ဖြစ်ပြီး သတ်မှတ်ထားသော ကာလအတွင်း တရားမဝင် ဝင်ရောက်လာသူများကို လုံးဝပပျောက်အောင် ဆောင်ရွက်ရမည်ဟု ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။

ယခင်ကလည်း ပြည်ပနိုင်ငံသားများ တရားမဝင် ဝင်ရောက်မှုပပျောက်စေရန်အတွက် ညွှန်ကြားချက်များအတိုင်း အထူးစုံစမ်းစစ်ဆေးရေး လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းကာ စစ်ဆေးမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်း အချို့ကုမ္ပဏီများနှင့် ဖျော်ဖြေရေးကုမ္ပဏီက ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲ တရားမဝင် ‌ဝင်ရောက်လာသူများကို လွှဲပြောင်းခြင်းနှင့် ကွယ်ဝှက်ခြင်းတို့ရှိခဲ့သည်။

အကယ်၍ ယခုဆောင်ရွက်သည့် စုံစမ်းစစ်ဆေးမှုကို ထပ်မံ၍ ပူးပေါင်းဆောင်ရွက်ခြင်းမရှိပါက စစ်ဆေးရေးအဖွဲ့များအနေဖြင့် အင်အားသုံးနှိမ်နင်းမည်ဖြစ်ကြောင်းလည်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ထို့အပြင် ရပ်ကွက်/ကျေးရွာအုပ်စု တာဝန်ရှိသူများ အနေဖြင့် စုံစမ်းစစ်ဆေးခြင်းလုပ်ငန်းများကို အပြည့်အဝပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် တရားမဝင် ဝင်ရောက်လာသူများအား ခိုလှုံခွင့်ပေးခြင်းကို တားမြစ်ထားပြီး စစ်ဆေးတွေ့ရှိပါက ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်သွားမည်ဟုလည်း သိရသည်။  

ယမန်နေ့က ပြုလုပ်သည့် တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသားများ စုံစမ်းစစ်ဆေးဖော်ထုတ်ရေးအစည်းအဝေးသို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခင်မောင်လွင်၊ အဖွဲ့ဝင် ဦးမျိုးဇော်သန်း၊ အမှတ် (၁၀၀၆) နယ်ခြားစောင့်တပ် တပ်ရင်းမှူး ရန်ရှောက်ကျင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။

လက်ရှိအချိန်ထိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ တရားမဝင် ‌ဝင်ရောက်လာသူ တရုတ်နိုင်ငံသား (၆၄၉၂) ဦး၊ ထိုင်းနိုင်ငံသား (၁၆၂) ဦး၊ ဗီယက်နမ်နိုင်ငံသား (၁၆၆) ဦးနှင့် မလေးရှားနိုင်ငံသား (၂၈) ဦးတို့ကို နေရပ်ပြန်ပို့ထားကြောင်း သိရသည်။

ဓာတ်ပုံ – ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here