ရှမ်းပြည်နယ်မြောက်ပိုင်းအတွက် အရေးပေါ် လူသားချင်းစာနာမှုအကူအညီ ကန်ဒေါ်လာ တစ်သန်းအသုံးပြုမည်ဟု UNOCHA ပြော

0
312

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ဘေးဒဏ်သင့် ပြည်သူများအတွက် အရေးပေါ်လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များ တုံ့ပြန်ဆောင်ရွက်ရန်အတွက် အမေရိကန် ဒေါ်လာ ၁ သန်း အသုံးပြုသွားမည် ဖြစ်ကြောင်း UNOCHA Myanmar က ထုတ်ပြန်ထားသည်။

အောက်တိုဘာ လကုန်ပိုင်းက စတင်ခဲ့သည့် ထိတွေ့တိုက်ပွဲများကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လူဦးရေ ၅၀,၀၀၀ နီးပါး နေရပ်စွန့်ခွာကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း UNOCHA Myanmar က ထုတ်ပြန်ထားသည်။

ထို့အပြင် နိုင်ငံ၏ အနောက်မြောက်ပိုင်းတွင်လည်း လူဦးရေ ၄၀,၀၀၀ နီးပါး နေရပ်စွန့်ခွါထွက်ပြေးနေရကြောင်း ဖော်ပြချက်အရ သိရသည်။

အဆိုပါ ပဋိပက္ခဒဏ်သင့်ပြည်သူများကို ဝင်ရောက်ကူညီနိုင်ရန်အတွက် သက်ဆိုင်ရာအစုအဖွဲ့ အားလုံးအနေဖြင့် တိုက်ပွဲများ ရပ်တန့်ပြီး အတားအဆီးမဲ့ ဝင်ရောက်ကူညီခွင့်ပြုရန်အရေးကြီးကြောင်း အသိပေးပြောဆိုထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၌ မြို့နယ် ၂၂ မြို့နယ်ရှိသည့် အနက် (၉) မြို့နယ်တွင် လက်နက်ကိုင်တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာရသူအသစ်များ တိုးပွားလာပြီး လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များလည်း မြင့်တက်နေကြောင်း သိရသည်။

ပုံစာ – ရှမ်းမြောက် တိုက်ပွဲများကြောင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ တရုတ် – မြန်မာ နယ်စပ်မျဉ်းအနီးတွင် လာရောက်ခိုလုံနေသည့် စစ်ဘေးရှောင်များနှင့် နယ်စပ်မျဉ်း (၁၂၅) စစ်ရှောင်စခန်းကိုတွေ့ရစဉ်(ဓာတ်ပုံ – ကိုးကန့် စီမံအုပ်ချုပ်ရေးအဖွဲ့)


LEAVE A REPLY

Please enter your comment!
Please enter your name here