ရန်လုံကျိုင်း တိုက်ပွဲရှောင်စခန်းသို့ ခိုလှုံလာသည့် ပြည်သူ (၁၄၀၀) ကျော်အထိရှိလာ

0
170

ရှမ်းပြည်နယ် (မြောက်ပိုင်း)ဒေသတွင်း အခြေအနေများ မတည်ငြိမ်မှုများကြောင့် ရန်လုံကျိုင်းတိုက်ပွဲရှောင် စခန်းသို့ လာရောက် တိုက်ပွဲရှောင်သည့် အရေအတွက် (၁၄၀၀)ကျော်အထိရှိလာကြောင်း ရန်လုံကျိုင်းတိုက်ပွဲရှောင်စခန်းရှိ စေတနာ့ ဝန်ထမ်းများထံမှ သိရသည်။

တိုက်ပွဲရှောင် ပြည်သူများအနေဖြင့် BP (၁၂၅) စခန်းသို့ သွားရောက်ခိုလှုံနေရသည့်အပြင် အချို့ပြည်သူများမှာလည်း ရန်လုံကျိုင်း တိုက်ပွဲရှောင်စခန်းသို့ လာရောက်ခိုလှုံရာ နိုဝင်ဘာ(၉) ရက်အထိ တိုက်ပွဲရှောင်ပြည်သူ (၁၄၀၀) ကျော်အထိ ရှိလာကြောင်း သိရသည်။

အဆိုပါ ရန်လုံကျိုင်းတိုက်ပွဲရှောင်စခန်းကို ပရဟိတ လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းအသီးသီး၏ စည်းရုံးမှုဖြင့် နိုဝင်ဘာ (၆) ရက်မှ စတင်ဖွင့်လှစ်ခဲ့ရာ စခန်း၌ စေတနာ့ဝန်ထမ်း (၂၈) ဦးရှိပြီး စခန်းအတွင်း လုပ်ငန်းအသီးသီးကို တာဝန်ယူလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ရန်လုံကျိုင်း တိုက်ပွဲရှောင်စခန်းရှိ ပြည်သူများအတွက် ဆေးကုသခန်းပြုလုပ်ပေးထားပြီး ပြည်သူများ၏ နေ့စဉ် ချက်ပြုတ်ရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် မီးဖိုချောင်သုံး အထောက်အကူပြုပစ္စည်းများလည်း စီစဉ်ပေးထားကြောင်း သိရသည်။

“စေတနာ့ဝန်ထမ်းတွေအနေနဲ့ စခန်းအတွင်း သောက်သုံးရေရရှိရေးနဲ့ အိမ်သာတွေကိုလည်း ပိုမိုကောင်းမွန်လာအောင်လုပ်ဆောင်ပေးနေပြီး လုပ်ငန်းအားလုံးကို စနစ်တကျ လုပ်ဆောင်ပေးနေပါတယ်။”ဟု ရန်လုံကျိုင်း တိုက်ပွဲရှောင်စခန်းမှ စေတနာ့ဝန်ထမ်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။

တိုက်ပွဲရှောင်စခန်းအတွင်း လက်ရှိ ကြုံတွေ့နေရသော အဓိက အခက်အခဲမှာ စားနပ်ရိက္ခာဖြစ်ပြီး တိုက်ပွဲရှောင် ပြည်သူများပါရှိလာသည့် ဆန်နှင့် အသုံးအဆောင်ပစ္စည်းများ မလုံလောက်သောကြောင့် မကြာမှီ စားနပ်ရိက္ခာ ပြတ်လပ်မှုများ ဖြစ်ပေါ်လာနိုင်သောကြောင့် အကူညီများလည်း လိုအပ်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here