အထည်ချုပ်ကဏ္ဍအတွက် လုပ်သားရှားပါးမှုပြသနာသည် အဓိက စိန်ခေါ်မှုဖြစ်နေဟု အထည်ချုပ်လုပ်ငန်းရှင်အသင်းအတွင်းရေးမှူးပြော

0
159

ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်သူ များပြားနေခြင်းကြောင့် ပြည်တွင်းရှိ အထည်ချုပ်လုပ်ငန်းများတွင် လုပ်သားရှားပါးမှုနှင့် ရင်ဆိုင်နေ‌ရကြောင်း သိရသည်။

ယင်းကဲ့သို့ လုပ်သားရှားပါးမှုသည် ပြည်တွင်းအထည်ချုပ်ကဏ္ဍအတွက်  စိန်ခေါ်မှုတစ်ရပ်အနေဖြင့် အဓိကရင်ဆိုင်နေရကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း၏ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။

“အဓိကတော့ လုပ်သားအင်အားပါ။ ကျွန်မတို့ဆီကနေ အပြင်ကို ထွက်နေတဲ့ အလုပ်သမားတွေလည်း ရှိတယ်။ ပြောရရင်ရေကြည်ရာ မြက်နုရာပေါ့။ ကျွန်မတို့အနေနဲ့ ပိုရမယ် ပိုကောင်းမယ်ဆိုတဲ့ဟာကို သွားတားလို့မရပါဘူး။ ကျွန်မတို့ ဒီမှာနေခြင်းအားဖြင့် ပိုကောင်းမယ် ပိုရမယ်ဆိုတဲ့အနေအထားကို ပြဖို့ပဲလိုပါတယ်။ ဒါကို ကျွန်မတို့ လုပ်ပါမယ်” ဟု  ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။

လက်ရှိတွင် ပြည်တွင်း၌ CMP စနစ်ဖြင့် ချုပ်လုပ်နေသည့်အထည်အမှတ်တံဆိပ်အချို့ ပြန်လည်ထွက်ခွာရန် ပြင်ဆင်မှုများ ရှိနေသော်လည်း အော်ဒါအသစ်များ မြင့်တက်နေကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံ၌ အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ အသင်းဝင်စက်ရုံပေါင်း (၅၀၀) နီးပါး၊ လုပ်သားဦးရေ လေးသိန်းခွဲနှင့် ငါးသိန်းခွဲကြားဖြင့်ထုတ်လုပ်မှုများကို စဉ်ဆက်မပြတ်ထုတ်လုပ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပြည်ပအမှတ်တံဆိပ်များ၏ အထည်အပ်နှံမှု ကျဆင်းနှုန်းသည် ၂၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအကြား ရှိနေကြောင်း စစ်တမ်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here