နောက် (၃) ရက်အတွင်း ဘင်္ဂလားပင်လယ်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်ကာ ဆက်လက်အားကောင်းပြီး မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိမည်

0
850

လာမည့် နိုဝင်ဘာလ (၁၄) ရက်တွင် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက အသိပေး ထုတ်ပြန်ထားသည်။

ယနေ့ နိုဝင်ဘာ (၁၁) ရက် နေ့လယ် (၁၂) နာရီတိုင်းထွာရရှိသည့် ဘင်္ဂလားပင်လယ်အော်၏ မိုးလေဝသ အခြေအနေကို ညနေ (၄) နာရီတွင် ထုတ်ပြန်ထားခြင်း ဖြစ်သည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက် – အနောက်မြောက်ဘက်သို့ ရွှေ့လျားကာ ပိုမိုအားကြောင်းလာနိုင်ကြောင်းလည်း မိုး/ဇလက အသိပေးထားသည်။

ထို့အပြင် အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ နိုဝင်ဘာ(၁၆) ရက်တွင် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းနှင့် ၎င်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုး/ဇလက ခန့်မှန်းထားသည်။

လက်ရှိတွင် ရန်ကုန်တိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကရင်နှင့် မွန်တို့တွင် မိုးတိမ်တောင်များဖြစ်ပေါ်လျက်ရှိကြောင်းလည်း မိုး/ဇလ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက် မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနိုင်ပါရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အကြံပြုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here