စက်သုံးဆီတင်သင်္ဘော (၄) စီး နိုဝင်ဘာ(၁၁) ရက်နှင့် (၁၂) ရက်တို့တွင် ဆိုက်ကပ်ခဲ့ပြီး ထပ်မံ၍ သင်္ဘော (၁၅) စီး ရောက်ရန်ရှိ

0
239

ရန်ကုန်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ဖြန့်ဖြူးပေးရန် စက်သုံးဆီတင်သင်္ဘော (၄) စီး နိုဝင်ဘာ(၁၁) ရက်နှင့် (၁၂) ရက်တို့တွင် ဆိုက်ကပ်ခဲ့ပြီး ထပ်မံ၍ စက်သုံးဆီတင်သင်္ဘော (၁၅) စီး ရောက်ရန်ရှိကြောင်း စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ သိရသည်။

ရန်ကုန်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင် (၁၄၆)ဆိုင်အနက် အချို့ဆိုင်များ၌ နိုဝင်ဘာ(၁၀) ရက်တွင် ဓာတ်ဆီ 92 RON သည် နေ့စဉ်ပုံမှန်ရောင်းအားထက် ပိုမိုရောင်းအားမြင့်တက်ခဲ့ကြောင်း စက်သုံးဆီအရောင်း ဈေးကွက်မှ သိရသည်။

ပြည်တွင်းစက်သုံးဆီ သိုလှောင်ထားသည့် Terminal (၃)ခုမှ အရောင်းဆိုင်များ အားလုံးသို့ ဖြန့်ဖြူးပေးရာတွင် ဖြန့်ဖြူးနိုင်မှု စွမ်းအားအရ အလျင်မမှီခဲ့ခြင်းကြောင့် စက်သုံးဆီများ ပြတ်လတ်မှုဖြစ်ပေါ်ခဲ့ရာ နိုဝင်ဘာ (၁၀) ရက် ညတွင်းချင်းပင် Urgent စနစ်ဖြင့် ဖြည့်တင်းပေးခဲ့ကြောင်း သိရသည်။

ပြည်တွင်း၌ စက်သုံးဆီလုံလောက်မှုရှိအောင် စီမံထားပြီး လက်ရှိ အများသုံးဓာတ်ဆီ 92 RON ဂါလံ (၁၃)သန်းကျော်၊ 95 RON ဂါလံ ၃ သန်းကျော်၊ 97 RON ၁ ဒသမ ၄ သန်းကျော်၊ ရိုးရိုးဒီဇယ် ၂၉ သန်းကျော်နှင့် ပရီမီယမ်ဒီဇယ် သန်း ၂၀ ကျော် ကျန်ရှိပြီး ပြတ်လပ်မှု မရှိစေရေး အချိန်မှီ ဆက်လက် ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် နိုဝင်ဘာ(၁၁) ရက်နှင့် (၁၂) ရက်တို့တွင် ဆီတင်သင်္ဘော(၄)စီး ဆိုက်ကပ်ခဲ့ပြီး ထပ်မံရောက်ရှိလာမည့် ဆီတင်သင်္ဘော(၁၅)စီးရှိကြောင်းနှင့် ရောက်ရှိလာမည့် ဆီတင် သင်္ဘောများမှ စက်သုံးဆီများကိုလည်း အချိန်နှင့်တစ်ပြေးညီ ဆက်လက်ဖြန့်ဖြူးပေးသွားမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော် အစိုးရအနေဖြင့် စက်သုံးဆီများဖူလုံစွာရရှိရေး ကြိုးပမ်းလျက်ရှိပြီး ပြည်တွင်းတွင် မည်သည့် စက်သုံးဆီ အမျိုးအစားမဆို အရန် ၁ လစာကျန်ရှိအောင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လက်ရှိ ခရီးသွား ရာသီဖြစ်၍ ခရီးသွားများနှင့် အများပြည်သူများ စက်သုံးဆီပြတ်လပ်မှု မရှိစေရေး စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အနီးကပ် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here