နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးတွင် ဆီမီး (၉၀၀၀) တန်ဆောင်တိုင် မီးထွန်းပွဲတော် ကျင်းပမည်

0
370

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိ မြို့နယ်အတွင်းရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတွင် ဆီမီး (၉၀၀၀) တန်ဆောင်တိုင် မီးထွန်းပွဲတော်ကို ပြုလုပ်သွားမည်ဖြစ်ပြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ၏ ဒေသထွက်ကုန်၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းအရောင်းဆိုင်ခန်းများလည်းဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တန်ဆောင်တိုင် မီးထွန်းပွဲတော်ကို လာမည့် နိုဝင်ဘာ (၂၅)၊ (၂၆)နှင့် (၂၇) ရက်တို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

တန်ဆောင်တိုင် မီးထွန်းပွဲတော်ကာလအတွင်း ဆီမီး ၉၀၀၀ ကပ်လှူပူဇော်ခြင်း၊ အသံမဆဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ခြင်း၊ ဝတ်အသင်းအဖွဲ့များမှ ဝတ်ရွတ်စဉ်များဖြင့် ပူဇော်ခြင်း၊ မီးရှူးမီးပန်းများ ပစ်လွှတ်ပူဇော်ခြင်း၊ အလှညမီးကြီးနှင့် စိန်နားပန်မီးပုံးပျံကြီးများ လွှတ်တင်ပူဇော်ခြင်းများကို သုံးရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း LED မီးများဖြင့် အလှဆင်ပူဇော်ထားရှိခြင်းများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ၏ ဒေသထွက်ကုန်၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းအရောင်းဆိုင်ခန်းများ၊ ဒေသထွက်မြန်မာ့ရိုးရာမုန့်ဆိုင်များ ခင်းကျင်းပြသရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here