ကမ္ဘာ့ဈေးကျသဖြင့် စားအုန်းဆီတင်သွင်းမှု မြင့်တက်ခဲ့သော်လည်း ဒေါ်လာ ၃၈ သန်း သက်သာ

0
221

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ပထမ ၆ လအတွင်း ပြည်ပနိုင်ငံများမှ စားအုန်းဆီတင်သွင်းမှုက ယခင်နှစ် ကာလတူထက် တန်ချိန်အားဖြင့် ၆၅,၀၀၀ (၂၈ ရာခိုင်နှုန်း) မြင့်တက်ခဲ့ကြောင်း တရားဝင်အချက် အလက်များအရ သိရှိရသည်။

သို့သော်လည်း ကမ္ဘာ့ဈေးကျသဖြင့် စားအုန်းဆီတင်သွင်းမှုအတွက် သုံးစွဲရသည့် ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၃၈ သန်းခန့် လျော့နည်းသွားခဲ့သည်။

ကမ္ဘာ့စားအုန်းဆီဈေးသည် ၂၀၂၂ ခုနှစ်အတွင်း တစ်တန်ပေါက်ဈေး ဒေါ်လာ ၉၅၀ မှ ၁,၃၈၀ ဝန်းကျင်၌ ရှိခဲ့သော်လည်း ယခုနှစ် အစောပိုင်းတွင် ဈေးနှုန်းများ ကျဆင်းသွားခဲ့ပြီး တစ်တန်လျင် ကန်ဒေါ်လာ ၈၅၀ မှ ၁,၀၀၀ ဝန်းကျင်သာ ဈေးရှိခဲ့သည်။

၂၀၂၃ ခုနှစ်၊ နှစ်စပိုင်း၌ စားအုန်းဆီဈေးက လက်လီဈေးကွက်အတွင်း တစ်ပိဿာ ကျပ် ၆,၀၀၀ ဝန်းကျင်သာ ရှိခဲ့သော်လည်း ဧပြီနှင့် ဇူလိုင်လတွင် ကျပ် ၆,၅၀၀ ဈေး ရောက်ရှိခဲ့ပြီး သြဂုတ်လတွင် တစ်ပိဿာ ကျပ် ၈,၅၀၀ အထိ တဟုန်ထိုး မြင့်တက်သွားခဲ့သည်။

ထို့နောက် သြဂုတ်လလယ်ပိုင်းမှာ ကျပ် ၁၀,၀၀၀ အထိ ထပ်မံမြင့်တက်လာခဲ့သဖြင့် အာဏာပိုင်များက စားသုံးဆီဈေးနှုန်း တည်ငြိမ်မှန်ကန်စေရေးအတွက် ဈေးကွက်အတွင်း ဝင်ရောက်ထိန်းကြောင်းမှုအချို့ ပြုလုပ်ခဲ့ပြီးနောက် နိုဝင်ဘာလဆန်းတွင် ကျပ် ၅,၁၅၀ ပတ်ချာလည်အတွင်း အရောင်းအဝယ် ဖြစ်နေသည်။

နစကဥက္ကဋ္ဌအနေဖြင့် ပြည်တွင်းလိုအပ်သော စားသုံးဆီများကို ပြည်ပမှ နှစ်စဉ် အမေရိကန်ဒေါ်လာသန်း ၆၀၀ ကျော်ဖိုး တင်သွင်းနေရသဖြင့် နိုင်ငံခြားငွေ သုံးစွဲမှု များပြားလျက်ရှိကြောင်း ပြောကြားထားသည်။

ထို့အတွက်ကြောင့် ပြည်ပမှ တင်သွင်းမှုလျှော့ချနိုင်ရေးအတွက် နိုင်ငံစီးပွားရန်ပုံငွေများ ထုတ်ပေးကာ ပြည်တွင်းမှ စားသုံးဆီ ထုတ်လုပ်မှု မြင့်တက်လာရေးအတွက် အလေးပေး ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here