လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်အပါအဝင် ဆရာ/ဆရာမ (၃) ဦးနှင့် ကလေး (၃) ဦးကို လက်နက်ကိုင်များမှ ဖမ်းဆီးခေါ်ဆောင်

0
1945

ကယားပြည်နယ် ၊ လွိုင်ကော်မြို့ရှိ လွိုင်ကော် တက္ကသိုလ် ပါမောက္ခချုပ်အပါအဝင် ဆရာ/ဆရာမ (၃) ဦးနှင့် ကလေး (၃) ဦးကို လက်နက်ကိုင်အဖွဲ့များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်အရ သိရသည်။

လွိုင်ကော်တက္ကသိုလ်ကို KNPP နှင့် ပူးပေါင်းအဖွဲ့များက ယမန်နေ့ နိုဝင်ဘာ (၁၂) ရက်တွင် ဝင်ရောက်စီးနင်းပြီး ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူများကို ဖမ်းဆီးခေါ်ဆောင်ရန် ကြိုးစားခဲ့ခြင်းဖြစ်ပြီး တပ်မတော်ဘက်မှ ပြန်လည်ကယ်ထုတ်နိုင်ရန်ကြိုးစားလျက်ရှိကြောင်း ယမန်နေ့ ညပိုင်းကပင် နစကက သတင်းထုတ်ပြန်ထားသည်။

” ပါမောက္ခချုပ် အိမ်ထဲမှာ ပိတ်မိနေတဲ့ ပါမောက္ခချုပ် အပါအဝင် ဆရာဆရာမ (၃) ယောက်နဲ့ ကလေး(၃) ယောက်ကိုတော့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

လွိုင်ကော်တက္ကသိုလ်သည် ကယားပြည်နယ်တစ်ခုလုံးအတွက် ပညာရေးကဏ္ဍတွင် အရေးပါသည့် တက္ကသိုလ်ဖြစ်ပြီး KNPP နှင့် PDF ပူးပေါင်းအဖွဲ့များသည် မိမိပြည်နယ်၏ အနာဂတ်နှင့် ပညာတတ်မြောက်မှုကို ပြန်လည်ဖျက်ဆီးပစ်နေခြင်း ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

KNPP နှင့် PDF ပူးပေါင်းအဖွဲ့များက ယမန်နေ့ နိုဝင်ဘာ (၁၃) ရက် နံနက်ပိုင်းတွင် လွိုင်ကော်တက္ကသိုလ်အား လာရောက်ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ပြီး ညနေပိုင်းတွင် တက္ကသိုလ်အား ဝင်ရောက်စီးနင်းကာ ဆရာ/ ဆရာမ များနှင့် ပညာသင်ကြားနေသည့် ကျောင်းသားကျောင်းသူများအား ဖမ်းဆီး ခေါ်ဆောင်ရန် ကြိုးစားခဲ့ကြောင်း သိရသည်။

တပ်မတော်က တက္ကသိုလ်အတွင်း ပိတ်မိနေသည့် ဆရာ/ဆရာမများနှင့် ကျောင်းသားများအား ပြန်လည်ကယ်ထုတ်နိုင်ရန် ကြိုးစားခဲ့ပြီး (၂၇) ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

” လွိုင်ကော်တက္ကသိုလ်ဝင်းထဲက‌နေ ဆရာ/ဆရာမတွေကို ကယ်ထုတ်ဖို့ လုပ်ဆောင်ခဲ့တယ်။ မနေ့က (၂၇) ယောက်လောက် ပြန်လည် လွတ်မြောက်နိုင်ခဲ့တယ် ” ဟု ၎င်းက ဆိုသည်။

အဆိုပါ လွိုင်ကော်တက္ကသိုလ်အား KNPP နှင့် PDF ပူးပေါင်းအဖွဲ့များက လက်ရှိအချိန်ထိ ထိန်းချုပ်ထားပြီး ဖျက်ဆီးမှုများ လုပ်ဆောင်နေကြောင်းလည်း ၎င်းက ဆိုသည်။

အဆိုပါ ဖြစ်စဉ်များကြောင့် နိုဝင်ဘာ (၁၃)ရက်တွင် စတင်ဖြေဆိုမည့် အဝေးသင်တက္ကသိုလ် တတိယအသုတ် စာမေးပွဲများကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ရကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here