မိုင်းခွဲခံရသည့် ကျင်သီတံတား ပျက်ဆီးမှု့ကြောင့် ဒေသတွင်းအရေးပေါ်လူနာများ ဆေးကုသရန် အခက်အခဲများကြုံတွေ့နေရ

0
413

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေး-မူဆယ် လမ်းမကြီးရှိ ‌သီပေါနှင့်ကျောက်မဲဆက်သွယ်ထားသော ကျင်သီတံတား မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် ဒေသတွင်းအရေးပေါ်လူနာများ ဆေးကုသရန်အခက်အခဲဖြစ်နေကြကြောင်း ဘော်ကြို ပရဟိတအသင်း၊ ဘဏ္ဍာရေးမှူး၊ ဦးစိုင်းအောင်ညွှန့်က ပေါ်ပြူလာနယူးစ် ကိုပြော သည်။

ဒေသတွင်း ‌အရေးပေါ်လူနာများဖြစ်သော ကိုယ်ဝန်ဆောင်မိခင်များ ၊အခြားအရေးပေါ်လူနာများကို သီပေါမြို့ ပရဟိတအဖွဲ့နှင့်ချိတ်ဆက်ကာ ပျက်ဆီးသွားသော ကျင်သီတံတားအောက်ခြေတစ်ဘက်တစ်ချက်မှတဆင့်သယ်ယူကာ မန္တလေးပြည့်သူဆေးရုံကြီးအပါအဝင် သီပေါပြည်သူ့ဆေးရုံကြီးများသို့ ပို့ဆောင်ကုသပေးနေရခြင်းဖြစ်သည်။

ထို့အပြင် မန္တလေးပြည်သူ့ဆေးရုံသို့ပို့ဆောင်ရမည့် အရေးပေါ်လူနာများကို ရှမ်းပြည်တောင်ပိုင်းဘက်မှတစ်ဆင့် သယ်ယူပို့ဆောင်နေရသည်ဟုဆိုသည်။

“မန္တလေးဆေးရုံကို ပို့မယ့်အရေးပေါ်လူနာလမ်းကြောင်းကအရမ်းခက်ခဲနေတယ်။ တစ်ပတ်ကြီးပို့ရတာဆိုတော့ လမ်းခရီးမှာ ကြန့်ကြာမှုတွေရှိတယ်။ တစ်ခါတ‌လေ ညအိပ်ရတဲ့အခါတွေရှိနေတယ်။ အရေးပေါ်လူနာက ပြီးခဲ့တဲ့ရက်ကဆို ကျွန်တော်တို့ပို့ရတာတင် သုံးလေးယောက်ရှိတယ်။ သီပေါအဖွဲ့နဲ့ ချိတ်ဆက်ပို့နေရတာ။ လတ်တလော တိုက်ပွဲတွေတော့ငြိမ်နေတယ်”ဟု ဦးစိုင်းအောင်ညွှန့် ရှင်းပြသည်။

လက်ရှိတွင် ဒေသတွင်းရှိပြည်သူလူထုများ အနေဖြင့် တိုက်ပွဲသံကြားပါက နီးစပ်ရာဘုန်းကြီးကျောင်းများသို့ သွားရောက်ခို့လှုံနေကြရပြီး၊ တိုက်ပွဲငြိမ်သွားမှသာ နေအိမ်များသို့ ပြန်လည်နေထိုင်နေရသည့်အခြေအနေရှိကြောင်း ဆိုသည်။

အဆိုပါကျင်သီတံတားကို ယခုလ (၁၁) ရက်နေ့က မိုင်းခွဲဖျက်ဆီးခံရခြင်းဖြစ်ပြီး၊ ယခုအချိန်အထိ ခရီးသွားလာမှုများ မရှိကြောင်း ဆိုသည်။

ဘော်ကြိုပရဟိတအသင်းအပါအဝင် ဒေသတွင်းပရဟိတအဖွဲ့များအနေဖြင့် တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် ညဘက်များတွင် ပြင်ပသို့ထွက်ခွာ၍ လူနာလမ်းကြောင်းပို့ဆောင်ပေးနေမှုများ ရပ်နားထားရသဖြင့် အရေးပေါ်လူနာများ အခက်အခဲတွေ့နေရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here