မူဆယ်မြို့နယ် ဆင်ဖြူဂိတ်မှ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်း (၁၄၆) မျိုးကို သယ်ဆောင်ရန် ယာယီခွင့်ပြုပေးသွားမည်

0
126

ရှမ်းပြည်နယ် မြောက်ပိုင်း မြန်မာ – တရုတ် နှစ်နိုင်ငံနယ်စပ် မူဆယ်မြို့နယ် ဆင်ဖြူဂိတ်မှ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်း (၁၄၆) မျိုးကို ယာယီသယ်ဆောင်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း မူဆယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် လက်ရှိ ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် မူဆယ်မြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေပြီး စားသောက်ကုန်၊ လူသုံးကုန်များ ဈေးနှုန်းသက်သာစွာ အသုံးပြုနိုင်ရန် ယာယီခွင့်ပြုပေးခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ – တရုတ် နှစ်နိုင်ငံနယ်စပ်ထွက်ပေါက် ဆင်ဖြူဂိတ်မှ ယာဉ်ငယ်များဖြင့် ကုန်ပစ္စည်းများ တင်ဆောင်၍ တရုတ်မှ မြန်မာနိုင်ငံဘက် ဝင်ရောက်လိုသူများအနေဖြင့် မူဆယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ရုံးသို့ မှတ်ပုံတင်၊ အိမ်ထောင်စု ဇယား၊ BP စာအုပ်၊ ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင် မိတ္တူများအပါဝင် Passport ဓါတ်ပုံ၊ ဖုန်းနံပါတ်တို့ဖြင့် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့လျှောက်ထားသူများအနေဖြင့်လည်း တရုတ်မှ မြန်မာဘက်သို့ ဝင်ရောက်ရာတွင် သတ်မှတ် စည်းကမ်းချက်များအတိုင်း လိုက်နာရမည်ဖြစ်ကြောင်း မူဆယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

“မူဆယ်ဆိုတာက မြန်မာပြည်အလယ်ပိုင်းကလာတဲ့ စားနပ်ရိက္ခာကို အားထားရတာ များသောအားဖြင့်ပေါ့။ ခုလိုကျတော့ အကုန်လုံး အခက်ခဲဖြစ်တာပေါ့ဗျာ။ မြို့တွေကလည်း မြို့တိုင်း၊ မြို့တိုင်းကို သွားလို့ကို မရတော့တာ။ နောင်ချို အကျော် ဂုတ်တွင်းကနေ ဒီဘက်ကို ဖြတ်သန်းလို့ကို မရတော့ဘူး။ ရှမ်းမြောက် တစ်ခွင်လုံး ရှောင်ရတာပေါ့။”ဟု ကမ်းလက်ကူညီပရဟိတအသင်း(မူဆယ်မြို့)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရှမ်းမြောက်တွင် ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခများကြောင့် လမ်းပန်းဆက်သွယ်ရေး ပိတ်ကုန်ပြီး မူဆယ်မြို့နယ်အတွင်း ကျေးရွာအချို့တွင် ဆန်၊ ဆီနှင့် ဟင်းချက်စရာများ မရှိတော့၍ စားဝတ်နေရေး ခက်ခဲလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ရှမ်းမြောက် ချင်းရွှေဟော်၊ သိန္နီ၊ ကွတ်ခိုင်၊ ကျောက်မဲ၊ လားရှိုး၊ နမ့်ခမ်းနှင့် မူဆယ်မြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပေါ်ခဲ့ပြီး လမ်းများပိတ်ခြင်း၊ စစ်ဆေးရေးဂိတ်များပိုမို တိုးမြှင့်ခြင်းများ ပြုလုပ်နေခြင်းကြောင့် အရပ်သားနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေးကို ထိခိုက်နေရကြောင်း UNOCHA Myanmar ကလည်း အစီရင်ခံစာထုတ်ပြန်ထားသည်။

ဒေသတွင်း ထိတွေ့မှုများကြောင့် နေရပ်စွန့်ခွာသူများမှာ အနီးအနားရှိ သစ်တောများ (သို့) ဘာသာရေးဆိုင်ရာ နေရာများတွင် ခိုလှုံနေရပြီး ဒေသတွင်း အကူအညီပေးရေးအဖွဲ့အစည်းများက အစားအသောက်နှင့် တခြားကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ကူညီပေးနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here