ကမ္ဘာ့ရွှေဈေးကျဆင်းနေသော်လည်း ပြည်တွင်းရွှေဈေး တစ်ရက်အတွင်း (၁)သိန်းကျော် မြင့်တက်ကာ (၃၆)သိန်းကျော် ထိရောက်လာ

0
210

ကမ္ဘာ့ရွှေဈေးဆက်တိုက်ကျဆင်းနေသော်လည်း ပြည်တွင်းရွှေဈေးမှ ကျဆင်းခြင်း မရှိဘဲ တစ်ရက်အတွင်း (၁) သိန်းကျော်မြင့်တက်ကာ (၃၆) သိန်းကျော်အထိ ရောက်ရှိလာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ရန်ကုန်ရွှေအသင်းက ယနေ့ နိုဝင်ဘာ (၁၅) ရက် ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးသည် အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၀၈၄၂၀၀ ဖြစ်ပြီး ပြင်ပဈေးကွက်တွင် တစ်ကျပ်သား ၃၆၆၀၀၀၀ ကျပ်အထိရှိကြောင်း သိရသည်။

နိုဝင်ဘာ (၁) ရက်မှ စတင်ကာ ရွှေစျေးနှုန်း တရိပ်ရိပ်မြင့်တက်လာခြင်းဖြစ်ပြီး ယနေ့တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ၃၆ သိန်းကျော်သို့ ရောက်ရှိလာကြောင်း သိရသည်။

ယမန်နေ့ နိုဝင်ဘာ (၁၄) ရက်က ပြည်တွင်း အခေါက်ရွှေဈေးနှုန်းမှာ ၃၅၃၀၀၀၀ ကျပ် ဖြစ်သည့်အတွက် တစ်ရက်အတွင်း (၁) သိန်းကျော် ဆက်လက်မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

” ဒေါ်လာဈေးကလည်းငြိမ်နေတယ်။ တန်ဆောင်တိုင်နားနီးလို့ အရောင်းများတာလည်း ပါတယ်။ အဲဒါကြောင့် တက်လာတာ”ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့်ကပြောသည်။

ရွှေစျေးနှုန်းသည် ပြီးခဲ့သည့် ဩဂုတ်လအတွင်း အမြင့်ဆုံး စျေးနှုန်းဖြစ်သည့် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သိန်း ၄၀ ကျပ်အထိ ရောက်ရှိခဲ့ပြီးနောက် တဖြည်းဖြည်း ပြန်လည်ကျဆင်းလာကာ စက်တင်ဘာလနှင့် အောက်တိုဘာလကုန်ပိုင်းအတွင်း ၃၄ သိန်းကျပ် ဝန်းကျင်သို့ ရောက်ရှိခဲ့သည်။

ပြည်တွင်းရွှေစျေးနှုန်း မြင့်တက်နေသော်လည်း ကမ္ဘာ့ရွှေစျေးနှုန်းမှာ ယခင်လများထက် ကျဆင်းနေပြီး အမေရိကန်ဒေါ်လာငွေနှင့် ကျပ်ငွေလဲလှယ်နှုန်းမှာလည်း ယခုရက်ပိုင်းတွင် ဈေးနှုန်းမြင့်တက်ခြင်းမရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here