ဆီရှိလျက်ဖြင့် ရောင်းချပေးခြင်း မရှိသည့် စက်သုံးဆီအရောင်းဆိုင် အချို့ကို စိစစ်အရေးယူထားဟု နစက ထုတ်ပြန်

0
202

ယနေ့မနက်ပိုင်းတွင်ဆီဆိုင်အများစုတွင် ဆီများပုံမှန်ပြည်လည် ဖြည့်နိုင်ပြီဖြစ်

စက်သုံးဆီရှိလျက်ဖြင့် ရောင်းချပေးခြင်းမရှိသော စက်သုံးဆီအရောင်းဆိုင် အချို့ကို စိစစ်အရေးယူခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် အများပြည်သူ စက်သုံးဆီ အဆင်ပြေလုံလောက်စွာ ဝယ်ယူသုံးစွဲနိုင်ရန်အတွက် ရန်ကုန်မြို့အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များကို စက်သုံးဆီပြတ်လပ်မှုမရှိစေရန် သီလဝါ သိုလှောင်ကန်စခန်းများမှ လုံလောက်စွာ ဖြည့်တင်းဆောင်ရွက်ပေးနေကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းကဲ့သို့ လုံလောက်စွာဖြည့်တင်းပေးနေသော်လည်း စက်သုံးဆီအရောင်းဆိုင် (၃) ဆိုင်သည် ဆီရှိလျက်ဖြင့် ရောင်းချပေးခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိသဖြင့် ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေစီမံခန့်ခွဲ မှုနည်းလမ်းအရ စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းမှ စတင်ကာ ရန်ကုန်မြို့တွင်းရှိ ဆီဆိုင်များအနေဖြင့် စားသုံးသူ ပြည်သူအား ဆီအလုံ အလောက်ရောင်းချခြင်း မရှိဘဲ ဆီပြတ်လပ်နေသယောင် ပြုမူဆက်ဆံမှုများ လုပ်ဆောင်နေသည်ကို မော်တော်ယာဉ်အသုံးပြုသူ ရန်ကုန်မြို့နေပြည်သူအများစု ကြုံတွေ့နေရခြင်း ဖြစ်သည်။

စက်သုံးဆီ ဝယ်ယူလိုသူများအနေဖြင့် မြို့အနှံ့အချိန်ကြာမြင့်စွာ လှည့်လည်တန်းစီရခြင်း ၊ အကန့်အသတ်ဖြင့်သာ ရောင်းချခြင်းများနှင့်ပတ်သက်၍ လူမှုကွန်ရက်တွင် ပြန်လည်မျှဝေမှုများ ပြင်းထန်လာချိန်တွင် နစကဘက်မှ ယခုကဲ့သို့ အရေးယူမှုများ လုပ်ထားကြောင်း သတင်းထုတ်ပြန်လာခြင်းလည်း ဖြစ်သည်။

ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်နေပြီဆိုသည့် သတင်းများ စတင်ထွက်ပေါ်လာသည့် ပြီးခဲ့သည့် ရက်ပိုင်းကပင် နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြည်တွင်း၌  92 လက်ကျန် ဂါလံ (၁၃)သန်းကျော်နှင့် ဒီဇယ်လက်ကျန် ဂါလံသန်း ၃၀ ကျော်ရှိပြီး မည်သည့်စက်သုံးဆီအမျိုးအစားမဆို တစ်လစာ အရန်ထားရှိကြောင်း ပြောကြားထားသည်။

ယမန်​နေ့ကစ၍ မြို့နယ်အ​တော်​တော်များများတွင်ဆီဖြည့်မှုများ​ပြန်လည်အဆင်​ပြေလာ​နေ​ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here