လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီပေါင်း (၃၈၆) သန်းထုတ်လုပ်နိုင်မည့် သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်း (၇၉) ရာခိုင်နှုန်းခန့် ပြီးစီး

0
292

တစ်နှစ်လျှင်လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီပေါင်း (၃၈၆) သန်းထုတ်လုပ်နိုင်မည့် သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်း (၇၉) ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကသိရသည်။

လက်ရှိတွင် သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းတစ်စိတ်တစ်ပိုင်းဖြစ်သော ရေယူအဆောက်အအုံအား ၂၀၂၃ ခုနှစ် ဩဂုတ် (၂၃) ရက်တွင် ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

ထို့အပြင် ပင်မတမံလုပ်ငန်းအနေဖြင့် ၇၉ ဒသမ ၁၉ ရာခိုင်နှုန်း၊ ရေပိုလွှဲလုပ်ငန်းအနေဖြင့် ၇၈ ဒသမ ၉၇ ရာခိုင်နှုန်း၊ ရေလွှဲဥမင်လိုဏ်လုပ်ငန်းအနေဖြင့် ၉၆ ဒသမ ၇၉ ရာခိုင်နှုန်း၊ ရေထိန်းတံခါးပြွန်လုပ်ငန်းအနေဖြင့် ၉၇ ဒသမ ၇၅ ရာခိုင်နှုန်း၊ ရေလွှဲဥမင်လိုဏ်အထွက်မြောင်းလုပ်ငန်းအနေနဲ့ ၉၈ ဒသမ ၀၀ ရာခိုင်နှုန်း၊ ဓာတ်အားပေးစက်ရုံလုပ်ငန်းအနေဖြင့် ၇၇ ဒသမ ၂၀ ရာခိုင်နှုန်းအသီးသီး ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ယခု ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ပထမပတ်ကုန်အထိ စီမံကိန်းလုပ်ငန်းတစ်ခုလုံး၏ ၇၈ ဒသမ ၉၂ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် စီမံကိန်းရာခိုင်နှုန်းပြည့်ပြီးစီးမည်ဖြစ်ကာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်သည်။

အဆိုပါ သူဌေးချောင်း ရေအားလျှပ်စစ်စက်ရုံအား ၂၀၀၈-၂၀၀၉ ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ ရခိုင်ရိုးမပေါ်မှ အစပြု၍ ပင်လယ်ဝအထိ မိုင် (၇၀) ခန့်စီးဆင်းနေသော သူဌေးချောင်းပေါ်တွင် တည်ဆောက်နေခြင်းဖြစ်သည်။

သူဌေးချောင်းရေအားလျှပ်စစ်စက်ရုံသည် ရခိုင်ပြည်နယ် သံတွဲခရိုင် သံတွဲမြို့၏ အရှေ့မြောက်ဘက် (၁၂) မိုင်ခန့်အကွာ သူဌေးချောင်းပေါ်တွင် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန အမှတ် (၄) တည်ဆောက်ရေးမှ အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းလည်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here