ဆေးကုသခွင့် လိုင်စင်မရှိဘဲ ခွဲစိတ်ကုသမှုများ လုပ်ဆောင်နေသည့် Saigon အလှပ​ရေးရာ​ဆေးခန်း ကို ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက အမှုဖွင့်

0
232

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်အတွင်း၌ ဆေးကုသခွင့်လိုင်စင်မရှိဘဲ ခွဲစိတ်ကုသမှုများ ဆောင်ရွက်နေသည့် ဗီယက်နမ်နိုင်ငံသားတစ်ဦး ပါဝင်သော Saigon Beauty Skin & Luxury Clinic ကို အမှုဖွင့်အရေးယူထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ အမှတ်(၂၄/C)၊ နတ်မောက်ရိပ်သာလမ်း ၊ ဆရာစံရပ်ကွက်တွင် ဖွင့်လှစ်ထားသည်ဟု Facebook စာမျက်နှာတွင် ကြော်ငြာထားသည့် Saigon Beauty Skin & Luxury Clinic လုပ်ငန်းမှ နိုဝင်ဘာလ (၁၄) ရက်တွင် လူမူကွန်ရက်၌ Aesthetic လုပ်ငန်းများဖြစ်သော နှာခေါင်းခွဲစိတ်မှုများ၊ မျက်ရစ်နှင့် နှုတ်ခမ်းခွဲစိတ်ကုသမှုများ ပြုလုပ်ပေးလျက်ရှိကြောင်း လူမှုကွန်ရက်စာမျက် နှာ၌ ကြော်ငြာထားကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြို့နယ်ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ ပူးပေါင်းပါဝင်သော အဖွဲ့ဖြင့် ရှောင်တခင် ဝင်ရောက်စစ်ဆေးရာ မြန်မာနိုင်ငံတွင် ဆေးကုသခွင့် လိုင်စင်မရှိသည့် ဗီယမ်နမ်နိုင်ငံသားတစ်ဦးနှင့် မြန်မာ နိုင်ငံသား ဆရာဝန်တစ်ဦးတို့ ပါဝင်သောအဖွဲ့မှ တရားမဝင်ခွဲစိတ်ကုသခြင်း၊ တရားမဝင် ဆေးဝါးများ အသုံးပြုနေခြင်းတွေ့ရှိခဲ့ရကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ Saigon Beauty Skin & Luxury Clinic လုပ်ငန်းအား မြန်မာနိုင်ငံဆေးဝါးဥပဒေ၊ မြန်မာနိုင်ငံဆေးကောင်စီဥပဒေနှင့် ပုဂ္ဂလိကကျန်းမာ‌ရေးလုပ်ငန်းဆိုင်ရာ ဥပ‌ဒေများဖြင့်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးမှ တရားလိုပြုလုပ်၍ ဗဟန်းမြို့နယ်ရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here