တရုတ်က အလိုရှိနေသည့် ကိုးကန့်သူဌေး “မြီ” မိသားစုမှ (၃) ဦးကို လောက်ကိုင်တွင် ဖမ်းမိပြီး တရုတ်သို့ လွှဲပေးမည်

0
396

ရှမ်းပြည်နယ်၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း Online လိမ်လည်မှုများ၊ လူကို သွေးဆောင် ဆွဲခေါ်မှုများ၊ လူပြန်ပေးမှုများ၊ တရားမဝင်ချုပ်နှောင်မှုများ ခြောက်လှန့်တောင်းယူမှုများကို အားပေး ကူညီခြင်းများဖြင့် တရုတ်က အလိုရှိနေသည့် “မြီ” မိသားစုဝင် (၄) ဦးအနက် (၃) ဦးကို လောက်ကိုင်မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း နစက ဘက်က သတင်း ထုတ်ပြန်လာသည်။

ယနေ့ နိုဝင်ဘာ (၁၆) ရက် နံနက်ပိုင်းတွင် တရုတ်က အလိုရှိနေသည့်  မြီရှောက်ချန်း၊ မြီကော်ဖျင်း (ခေါ်) မြီရှောက်ဖျင်း၊ မြီကျွီလန်နှင့် မြီကျိန်းကျိန်းတို့ (၄) ဦးအနက်မှ မြီရှောက်ချန်း၊ မြီကော်ဖျင်း (ခေါ်) မြီရှောက်ဖျင်းနှင့် မြီကျိန်းကျိန်းတို့ကို ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၌ ဖမ်းဆီးရမိကာ တရုတ် အာဏာပိုင်များထံ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

လွှတ်တော်အမတ်ဟောင်းလည်းဖြစ် ကိုးကန့်ဒေသ၏ လူချမ်းသာစာရင်ဝင် လုပ်ငန်းရှင်တစ်ဦးလည်းဖြစ်သည့် မြီရှောက်ချန်းနှင့် ၎င်း၏ မိသားစုဝင် (၃) ဦးကို တရုတ် – မြန်မာ နယ်စပ်ရှိ ကိုးကန့် ဒေသအတွင်းရှိ အွန်လိုင်း လောင်းကစားများနှင့် ဆက်သွယ်ရေးနည်းပညာသုံး လိမ်လည်မှုများတွင် ဆက်စပ်ပါဝင်နေသည်ဆိုသည့် စွတ်စွဲချက်ဖြင့် ပြီးခဲ့သည့် နိုဝင်ဘာ (၁၂) ရက်က တရုတ်ဘက်မှ ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်သည်။

တရုတ်ပြည်သူ့ရေးရာ လုံခြုံရေးဝန်ကြီးဌာနက ဖမ်းဝရမ်း ထုတ်ခဲ့ခြင်းဖြစ်ပြီး သတင်းပေးသူကို ယွမ်(၁)သိန်းကနေ (၅)သိန်း အထိချီးမြှင့်မည်ဟုလည်း ဆုငွေထုတ်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ကိုးကန့်ဒေသတရားရုံးကလည်း ယမန်နေ့ နိုဝင်ဘာ (၁၅) ရက်တွင် ၎င်းတို့ (၄) ဦးအား ထပ်ဆင့် ဖမ်းဝရမ်း ထုတ်ခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် မြီရှောက်ချင်းနှင့် သားဖြစ်သူ မြီကော်ဖျင်း၊ မြေးဖြစ်သူ မြီကျိန်းကျိန်းတို့ကို လောက်ကိုင်မြို့၌ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် သမီးဖြစ်သူ မြီကျွီလန်မှ လွတ်မြောက်လျက်ရှိနေပြီး ဖမ်းဆီးရမိခဲ့သူ (၃) ဦးအား ဒေသအာဏာပိုင်များက တရုတ်အာဏာပိုင်များထံ လွှဲပြောင်းပေးရန်စီစဥ်‌ ဆောင်ရွက်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here