ဘဏ်များရှိ အပ်ငွေစာရင်းများမှ ငွေသားထုတ်ယူခြင်းများကို ကန့်သတ်နေကြောင်းထွက်​ပေါ်​နေခြင်းသည် သတင်းအမှားသာဖြစ်ဟု ဗဟိုဘဏ်ထုတ်ပြန်

0
442

လူမှုကွန်ယက်စာမျက်နှာများတွင် ဘဏ်များရှိ အပ်ငွေစာရင်းများမှ ငွေသားထုတ်ယူခြင်းများကို ကန့်သတ်နေကြောင်းထုတ်ပြန်ချက်သည် သတင်းအမှားသာဖြစ်ကြောင်း ဗဟိုဘဏ်က အသိပေးထုတ်ပြန်ထားသည်။

ယခုလတ်တလောကာလတွင် အများပြည်သူအကျိုးစီးပွားပျက်စီးစေရန် မသမာသူလူတစ်စုမှ လူမှုကွန်ယက်စာမျက်နှာများတွင် သတင်းမှားများ ဖြန့်ဝေလျက်ရှိကြောင်း ၊အဆိုပါလူမှုကွန်ယက်စာမျက်နှာများနှင့် အင်တာနက် Website များတွင် ဖြန့်ဝေနေသော ဘဏ်များရှိအပ်ငွေစာရင်းများမှ ငွေသားထုတ်ယူခြင်းများကို ကန့်သတ်နေကြောင်း ထုတ်ပြန်ချက်များသည်မဟုတ်မမှန်သော သတင်းမှားများသာ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ အချို့ ပုဂ္ဂလိကဘဏ်များတွင်ဝန်ထမ်းများကို လစာများကြိုတင်ထုတ်ပေးကြောင်း သတင်းများသည်လည်း သတင်းမှားများဖြစ်ကြောင်း၊ ဘဏ်များရှိ အပ်ငွေစာရင်းများမှငွေသားထုတ်ယူခြင်းများကို ကန့်သတ်ချက်မရှိထုတ်ယူနိုင်ပြီး ဘဏ်များ၏ ဘဏ်ခွဲအသီးသီးတွင် Core Banking System စနစ်အရ အများပြည်သူ အပ်နှံငွေစာရင်းအချက်အလက်များကို အဆင်ပြေချောမွေ့စွာသိရှိနိုင်သဖြင့် နိုင်ငံတစ်ဝန်းရှိမည်သည့်ဘဏ်ခွဲတွင်မဆို ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ရယူနိုင်ကြောင်း သိရသည်။

ထို့ပြင် ဒစ်ဂျစ်တယ်နည်းလမ်းဖြင့်လည်းဘဏ်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုများ၊ ပေးချေမှုများကို လွယ်ကူစွာဆောင်ရွက်နိုင်ပြီးဘဏ်များတွင် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ပုံမှန်အတိုင်းဆောင်ရွက်လျက်ရှိကြောင်း အသိပေးထားသည်။

ယင်းအပြင် ဘဏ်များ၏ Customer များသည်လည်း ပုံမှန်အတိုင်း ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ဘဏ်များထံမှရယူဆောင်ရွက်လျက်ရှိကြောင်း၊ ဤကဲ့သို့ အများပြည်သူ၏ အကျိုးစီးပွားကို ထိခိုက်ပျက်စီးစေရန် သတင်းမှားများဖြန့်ဝေသူများကိုဥပဒပြဌာန်းချက်များနှင့်အညီဖော်ထုတ်အရေးယူပြီး ထိရောက်ဟန့်တားသော ပြစ်ဒဏ်များချမှတ်နိုင်ရန်တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here