အစ္စရေး – ဟားမတ်စ်ပဋိပက္ခ၌ အပစ်အခတ်ရပ်စဲရေးတောင်းဆိုသူ ၈၁ ဦးဖမ်းဆီးခံရ

0
260

ဆန်ဖရန်စစ္စကို၊နိုဝင်ဘာ ၁၇

ဆန်ဖရန်စစ္စကိုရှိ Bay Bridge တံတား၌ အစ္စရေး – ဟားမတ်စ်ပဋိပက္ခအတွင်း အပစ်အခတ်ရပ်စဲရန်တောင်းဆိုဆန္ဒပြသူများအနက် ၈၁ ဦးသည် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်းသိရသည်။

၎င်းတို့သည် အလုပ်သွားအလုပ်ပြန်အများဆုံး၊တံတားကို အသုံးပြုမှုအများဆုံးအချိန်တွင် တံတားပေါ်၌ ဆန္ဒပြကြသဖြင့် ယာဉ်လမ်းကြောပိတ်ဆို့မှုနှင့် နှောင့်နှေးကြန့်ကြာမှုများ၊ အများပြည်သူအား အ‌နှောင့်အယှက်ဖြစ်စေမှုများကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းလည်း ဖြစ်သည်။

ဆန္ဒပြတောင်းဆိုသူများသည် အစ္စရေး – ဟားမတ်စ်အရေး၌ နှစ်ဖက်လုံးမှ အပစ်အခတ်ရပ်စဲရန်နှင့် အမေရိက အနေဖြင့် အစ္စရေးအားလက်နက်ထောက်ပံ့နေမှုကို ရပ်တန့်ရန်လည်း တောင်းဆိုခဲ့ကြသည်ဟု သိရသည်။

ကလီဖိုးနီးယားအဝေးပြေးကင်းလှည့်အဖွဲ့သည် ဆန္ဒပြသူများက လမ်းပိတ်ဆို့မှုဖြစ်စေသည့်အပြင် ၎င်းတို့ဆန္ဒပြခြင်းသည် ဥပဒေနှင့်မညီသဖြင့် တရားမဝင်ဟုဆိုကာ ဖမ်းဆီးခဲ့ကြခြင်းဖြစ်ပြီး အချို့ဆန္ဒပြသူများသည် ၎င်းတို့စီးလာသည့်ကားများ၊ ဆိုင်ကယ်များ၏သော့များကို ရေထဲလွှင့်ပစ်ခဲ့ကြရာ ယာဉ်ပိတ်ဆို့မှုမဖြစ်စေရန်အတွက် အဆိုပါယာဉ်များအား ကြိုးဖြင့်ဆွဲထုတ်သွားကြရကြောင်းလည်း သိရသည်။

Source : ဘီအင်န်အင်န်


LEAVE A REPLY

Please enter your comment!
Please enter your name here