ဟားမတ်စ်တို့ ဖမ်းထားတဲ့ ထိုင်း ၂၅ ဦး လုံခြုံဘေးကင်းစွာရှိနေဟုဆို

0
220

ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့ ဟားမတ်စ်တို့ ဓားစာခံအဖြစ် ဖမ်းဆီးထိန်းသိမ်းထားတဲ့ ထိုင်းနိုင်ငံသား ၂၅ ဦး လုံခြုံဘေးကင်းစွာရှိနေတယ်လို့ လက်နက်ကိုင်အဖွဲ့က အစိုးရကို အာမခံချက်ပေးခဲ့ကြောင်း ဓားစာခံများလွတ်မြောက်ရေး စေ့စပ်ညှိနှိုင်းရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ကြာသပတေး (နိုဝင်ဘာ ၁၆) မှာ ပြောဆိုပါတယ်။

အစ္စရေးနဲ့ဟားမတ်စ်တို့အကြား အပစ်ရပ်စဲရေး သဘောတူညီချက်တစ်ခု ရခဲ့ပြီဆိုရင် ရက်ပိုင်းအတွင်း ဒီဓားစာခံတွေ လွတ်မြောက်လာနိုင်တယ်လို့လည်း ထိုင်းနိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ လီပေါင်ဆိုင်ယက်က ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်မှာ အစ္စရေးကို ဟားမတ်စ်တို့ ဝင်ရောက်တိုက်ခိုက်ခဲ့မှုအတွင်း ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသူ ၂၄၀ ဦးကျော်ရှိတယ်လို့သိရပါတယ်။ ဒါ့အပြင် ယင်းတိုက်ခိုက်မှုအတွင်း လူ ၁၂၀၀ ထက်မနည်း သေဆုံးခဲ့တယ်လို့လည်း အစရေးအစိုးရရဲ့ တရားဝင်စာရင်းဇယားတွေမှာ ဖော်ပြပါတယ်။

အဆိုပါတိုက်ခိုက်မှုအပေါ် လက်တုန့်ပြန်တဲ့အနေနဲ့ ဂါဇာဒေသကို အစရေးက ဝေဟင်၊ မြေပြင်ကနေ ထိုးစစ်ဆင်တိုက်ခိုက်နေမှုအတွင်း ကလေးငယ် ထောင်ချီအပါအဝင် လူပေါင်း ၁၁၅၀၀ ကျော် သေဆုံးခဲ့ပြီလို့ ဟားမတ်စ် ကျန်းမာရေး ဝန်ကြီးဋ္ဌာနက ထုတ်ပြန်ပြောဆိုပါတယ်။

ထိန်းသိမ်းခံ ထိုင်းနိုင်ငံသားတွေ လုံခြုံဘေးကင်းစွာရှိကြောင်းနဲ့ မကြာခင် သူတို့ အမိမြေကို ပြန်လာနိုင်မှာဖြစ်ကြောင်းကို ဟားမတ်စ်အဖွဲ့က အစိုးရထံ အာမခံချက်ပေးခဲ့တယ်လို့ ထိုင်းအစိုးရရဲ့ စေ့စပ်ညှိနှိုင်းရေးအဖွဲ့မှာ ပါဝင်တဲ့ လီပေါင်က ပြောဆိုသွားခဲ့ပါတယ်။
Ref/CNA


LEAVE A REPLY

Please enter your comment!
Please enter your name here