စစ်ရေးနှင့် မသက်ဆိုင်သည့် တက္ကသိုလ် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား ထိခိုက်မှုမရှိဘဲ အမြန်ဆုံးပြန်လွှတ်ရန် နစက ထုတ်ပြန်

0
676

ကယားပြည်နယ် ၊ လွိုင်ကော်တက္ကသိုလ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း တက္ကသိုလ် ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများကို ခေါ်ဆောင်သွားသည့်အပေါ် နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့ နိုဝင်ဘာ (၁၇) ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ကယားပြည်နယ် လွိုင်ကော်တက္ကသိုလ်တွင် တပ်စွဲထားသည့် တပ်မတော်သားများကို KNPP ၊ KNDF နှင့် PDF ပူးပေါင်းအဖွဲ့များက နိုဝင်ဘာ (၁၃) ရက်တွင် စတင်ကာ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး လက်ရှိတွင် တက္ကသိုလ်အား ထိန်းချုပ်ထားခြင်း ဖြစ်သည်။

အဆိုပါ တိုက်ပွဲများအတွင်း တက္ကသိုလ် ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများအား KNPP နှင့် KNDF ပူးပေါင်းအဖွဲ့များမှ တက္ကသိုလ်အတွင်းမှ ခေါ်ထုတ်သွားခဲ့ခြင်း ဖြစ်ပြီး လက်ရှိအချိန်ထိ ဆက်လက် ထိန်းသိမ်းထားခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများအား KNPP နှင့် ပူးပေါင်းအဖွဲ့များက လူသားဒိုင်းသဖွယ် အတင်းအကြပ်ဖမ်းဆီးခေါ်ဆောင် သွားခြင်းဖြစ်ကြောင်း နစကဘက်မှ သတင်းထုတ်ပြန်ထားသည်။

သို့သော် ယင်းဖြစ်ရပ်သည် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခြင်းမဟုတ်ဘဲ တိုက်ပွဲအတွင်း ပိတ်မိနေသည့်အတွက် ဘေးအန္တရာယ်ကင်းစေရန် ကယ်ထုတ်ခဲ့ခြင်းသာဖြစ်ကြောင်း ‌KNPP နှင့် KNDF ပူးပေါင်းတပ်ဖွဲ့များကလည်း ပြန်လည်သတင်း ထုတ်ပြန်ထားသည်။

အဆိုပါ လွိုင်ကော်တက္ကသိုလ် ဖြစ်စဥ်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ အကျိုးမရှိစေဘဲ တိုင်းပြည်၏ အနာဂတ်ကို ပျက်စီးစေမည့် လုပ်ရပ်ဖြစ်ကြောင်း နစက က နိုဝင်ဘာ (၁၇) ရက်တွင် ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။

ထို့အပြင် စစ်ရေးနှင့် လုံးဝသက်ဆိုင်ခြင်းမရှိသည့် တက္ကသိုလ် ဆရာ၊ဆရာမများ၊ ပညာရေးဆိုင်ရာ ဝန်ထမ်းများ၊ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိသားစုဝင်များကို ထိခိုက်မှု မရှိစေဘဲ အမြန်ဆုံး ပြန်လွှတ်ပေးသွားရန် လိုအပ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ကြေညာထားသည်။

တိုက်ပွဲများ ပြင်းထန်ခဲ့သည့် လွိုင်ကော် တက္ကသိုလ်၌ နိုဝင်ဘာ (၁၃) ရက်တွင် စတင်ဖြေဆိုမည့် အဝေးသင်တက္ကသိုလ် တတိယအသုတ် စာမေးပွဲများကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားရကြောင်းလည်း နစက၏ သတင်း ထုတ်ပြန်ချက်များအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here