Online မှတစ်ဆင့် ငွေကြေးလိမ်လည်မှု၊ လောင်းကစားမှုများ၌ ပါဝင်ပတ်သက်သူ ပြည်ပနှင့် မြန်မာနိုင်ငံသား စုစုပေါင်း ၂၈၆ ဦးအား ဖော်ထုတ်ဖမ်းဆီးရမိ

0
240

ရှမ်းပြည်နယ် (အရှေ့ပိုင်း)နှင့် (တောင်ပိုင်း)တို့တွင် Online မှတစ်ဆင့် ငွေကြေးလိမ်လည်မှု လောင်းကစားမှုများ၌ ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသား ၂၇၀ ဦး၊ မလေးရှားနိုင်ငံသား ၂ ဦး၊ ဗီယက်နမ် နိုင်ငံသား ၁ ဦးနှင့် မြန်မာနိုင်ငံသား ၁၃ ဦး၊ စုစုပေါင်း ၂၈၆ ဦးတို့အား ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်အတွင်းရှိ ကျေးရွာများသို့ နိုဝင်ဘာ ၅ ရက် နံနက်ပိုင်းက ရှောင်တခင်စစ်ဆေးခဲ့ရာ ရောင်အူကျေးရွာအုပ်စု၊ မတ်ငေါက်ကျေးရွာတွင် တရားမဝင် တရုတ်နိုင်ငံသား ကျား ၈ ဦး၊ ဆွတ်ဝိုးအုပ်စု၊ အောင်သံလွင်ကျေးရွာတွင် တရားမဝင် တရုတ်နိုင်ငံသား ကျား ၁၉၆ ဦး၊ မ ၂ ဦးနှင့် မလေးရှားနိုင်ငံသား ကျား ၂ ဦး၊ ပေါင်း ၂၀၀ ဦး၊ အေးကျန့်အုပ်စု၊ ကာနကျေးရွာတွင် တရားမဝင် တရုတ်နိုင်ငံသား ကျား ၃၉ ဦး၊ မ ၁ ဦးနှင့် မြန်မာနိုင်ငံသား ကျား ၃ ဦး၊ မ ၅ ဦး၊ ပေါင်း ၄၈ ဦးကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်သည်။

ထို့အပြင် နိုဝင်ဘာ ၉ ရက် နံနက် ၉ နာရီခွဲအချိန်ခန့်က မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့၊ တာကြန့်အုပ်စု၊ တာကြန့်ကျေးရွာအနီး ဟိုခိုလမ်းခွဲ၌ မိုင်းယုမြို့ဘက်မှ မိုင်းယောင်းမြို့ဘက်သို့ မောင်းနှင်လာသော ဆိုင်ကယ် ၂ စီးအား စစ်ဆေးရာ တရားမဝင်တရုတ်နိုင်ငံသား ကျား ၁ ဦးနှင့် မ ၁ ဦး၊ ပေါင်း ၂ ဦးကို ဖမ်းဆီးရမိခဲ့သည်။

၎င်းတို့ကို စစ်ဆေးချက်အရ ဆိုင်ကယ်မောင်းနှင်သူ ကော်ဆမ်မိန်းကျေးရွာနေ ကိုမင်း၏ နေအိမ်အား ရှာဖွေစစ်ဆေးခဲ့ရာ တရားမဝင် တရုတ်နိုင်ငံသား ကျား ၈ ဦးနှင့် မြန်မာနိုင်ငံသား ကျား ၅ ဦး၊ ပေါင်း ၁၃ ဦးကို ထပ်မံဖမ်းဆီးရမိခဲ့သည်။

ထို့အတူ နိုဝင်ဘာ ၉ ရက် နံနက် ၁၁ နာရီခန့်က တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း (က) အုပ်စု၊ ပါဆာကျေးရွာနှင့် စံဖူးကျေးရွာကြားရှိ ဝမ်ပုံ-စံဖူးသွား ကားလမ်း စံဖူးကျေးရွာအနီး လယ်ကွင်း၌ တရားမဝင် တရုတ်နိုင်ငံသား ကျား ၆ ဦးနှင့် မ ၁ ဦး၊ ဗီယက်နမ် နိုင်ငံသား မ ၁ ဦး၊ ပေါင်း ၈ ဦးကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။

ထို့အပြင် နိုဝင်ဘာ ၈ ရက် နံနက် ၇ နာရီခန့်က ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကလောမြို့နယ်၊ ကလောမြို့ဝင်တိုးဂိတ်၌ လုံခြုံရေး တပ်ဖွဲ့ဝင်များက စစ်ဆေးရေး လုပ်ဆောင်ရာ တရားမဝင် တရုတ်နိုင်ငံသား ကျား ၇ ဦးကို ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူများအား ကနဦးစစ်ဆေးချက်အရ ၎င်းတို့မှာ မြန်မာနိုင်ငံအတွင်း Online မှတစ်ဆင့် ငွေကြေးလိမ်လည်မှုနှင့် လောင်းကစားမှုများ ပြုလုပ်ရန်အတွက် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေခြင်းဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေဖော်ထုတ်ဖမ်းဆီးနေကြောင်း သိရှိရသဖြင့် ကျေးရွာများသို့ သွားရောက်၍ ခေတ္တပုန်းခိုနေထိုင်နေကြောင်း သိရသည်။

အဆိုပါ Online ငွေကြေးလိမ်လည်မှုနှင့် လောင်းကစားမှုများတွင် ပါဝင်ပတ်သက်လျက်ရှိသည့် ဖမ်းဆီးရမိသူများအား တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here