အလုပ်သမား အခွင့်အရေးချိုးဖောက်သည့် ထိုင်းနိုင်ငံရှိ ကုမ္ပဏီ ၁၃၀ နီးပါးကို အမည်ပျက်စာရင်းသွင်း

0
337

ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်ရာတွင် အလုပ်သမားအခွင့်အရေးချိုးဖောက်ခဲ့သည့် ထိုင်းနိုင်ငံဘက်ရှိ ကုမ္ပဏီ ၁၃၀ နီးပါးကို အမည်ပျက်စာရင်းသွင်း၍ အရေးယူထားကြောင်း အလုပ်သမားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

ထိုင်းဘက်ခြမ်းမှ အလုပ်သမားအခွင့်အရေး ချိုးဖောက်သည့် ကုမ္ပဏီ (၁၂၆) ခု၊ ထိုင်းနိုင်ငံသား (၁၂၅) ဦး၊ ထိုင်းအေဂျင်စီ (၂၀) ခုတို့ကို အမည်ပျက်စာရင်းသွင်းထားခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ကုမ္ပဏီများသည် ထိုင်းနိုင်ငံသို့ မြန်မာလုပ်သား စေလွှတ်ရာတွင် သက်မှတ်စည်းကမ်းနှင့် မညီခြင်း အလုပ်သမားအခွင့်အရေးများ ချိုးဖောက်မှုများရှိနေသည့်အတွက် အမည်ပျက်စာရင်းသွင်း၍ အရေးယူခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်နေသည့် မြန်မာအေဂျင်စီ (၈) ခုကိုလည်း လိုင်စင် (၆)လမှ (၁)နှစ် ယာယီရုပ်သိမ်းပြီး အေဂျင်စီ (၄၃) ခုကို လိုင်စင် ရာသက်ပန်ရုပ်သိမ်းထားကြောင်း အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ အလုပ်သမား စေလွှတ်ခွင့်လိုင်စင်ရယူထားသည့် အေဂျင်စီ ၅၀၀ နီးပါးရှိပြီးထိုင်းသို့ စေလွှတ်ခွင့်လိုင်စင်ရယူထားသည့်အေဂျင်စီ (၁၅၀) နီးပါးရှိကြောင်း သိရသည်။

” အများစုကတော့ ထိုင်းကို သွားကြတယ်။ တရားဝင်သွားတာရော တရားမဝင်သွားတာရောပေါ့။ ပြည်တွင်းကလူတွေကလည်း ရရာနည်းနဲ့သွားနေကြတော့ ပွဲစားအလိမ်ခံရတာတွေ၊ ဟိုရောက်လို့ရှိရင် အလုပ်က ပြောထားတာတစ်မျိုး လုပ်ရတစ်မျိုး ဖြစ်နေကြတာပေါ့။ အဲဒါကြောင့် သွားမယ်ဆိုရင်လည်း သေချာလေးစဉ်းစားပြီးမှ ချင့်ချိန်သွားစေချင်တယ်”ဟု အလုပ်သမားအရေးဆောင်ရွက်သူတစ်ဦးက ပြောသည်။

ကိုဗစ်ကာလအလွန်တွင် ပြည်တွင်းရှိ လုပ်သားအများစုသည် ပြည်ပထွက်ခွာ၍ အလုပ်သွားရောက်လုပ်ကိုင်မှုများရှိနေပြီး ထိုင်းနိုင်ငံသို့ အများဆုံးသွားရောက်လုပ်ကိုင်နေကြကာ မလေးရှားနှင့် တောင်ကိုရီးယားသို့ သွားရောက်လုပ်ကိုင်သူများလည်းရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here