နိုင်ငံတကာဖိတ်ခေါ်ပြိုင်ပွဲများတွင် မြန်မာနိုင်ငံမှ မြင်းစီးအားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်လေ့ကျင့်ပြင်ဆင်မှုများပြုလုပ်နေ

0
281

နိုင်ငံတကာ ဖိတ်ခေါ်ပြိုင်ပွဲများတွင် မြန်မာနိုင်ငံမှ မြင်းစီးအားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် လေ့ကျင့်ပြင်ဆင်မှုများပြုလုပ်နေကြောင်း မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်ထံမှ သိရသည်။

၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် မြင်းစီးအားကစားနည်း ထည့်သွင်းကျင်းပပြုလုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံမှ မြင်းစီးအားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်နိုင်စေရန်ရည်ရွယ်၍ ဒုတိယအဆင့် အရည်အချင်းစစ် ခရီးရှည်မြင်းစီးအားကစားပြိုင်ပွဲကို ယမန်နေ့ နိုဝင်ဘာ(၁၉) ရက်က နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ မြင်းစီးအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြင်းများအား စနစ်တကျထားရှိနိုင်ရေး၊ ပြိုင်ပွဲဝင် အားကစားသမားများအား စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိစေရေး၊ အဖွဲ့ချုပ်မှတာဝန်ရှိသူများအနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ မြင်းစီးကလပ်အသင်းများနှင့် ပေါင်းစပ်၍ မြင်းစီးအားကစားနည်း ပိုမိုတိုးတက်လာစေရေးအတွက် ညှိနှိုင်းဆောင်ရွက်သွားရန်၊ နိုင်ငံတကာဖိတ်ခေါ်ပြိုင်ပွဲများတွင် မြန်မာနိုင်ငံမှ မြင်းစီးအားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်နိုင်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များရှိပါက ဝန်ကြီးဌာနသို့ တင်ပြဆောင်ရွက်သွားရန် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက မှာကြားခဲ့ကြောင်းလည်း သိရသည်။

(၅၅)ကီလိုမီတာနှင့် (၇၀)ကီလိုမီတာ အရည်အချင်းစစ် ခရီးရှည်မြင်းစီးအားကစားပြိုင်ပွဲသို့ YECC RIDING CLUB, NAY PYI TAW RIDING CLUB နှင့် MO RIDING CLUB တို့မှ ပြိုင်ပွဲဝင် မြင်းစီးအားကစားသမား (၁၁) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အောင်မြင်ခဲ့သည့် မြင်းစီးအားကစားသမားများကို တာဝန်ရှိသူများက အရည်အချင်းစစ် အောင်လက်မှတ်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကာ မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်အနေဖြင့် အရည်အချင်းစစ် ခရီးရှည်မြင်းစီးအားကစားပြိုင်ပွဲများကို ထပ်မံကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here