PNLO အခြေပြုဒေသသို့ စစ်ဘေးရှောင်လာသည့် ပြည်သူ ယနေ့အချိန်အထိ (၁၀၀) ကျော် ရှိပြီဟု ဆို

0
171

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်- PNLO အခြေပြုဒေသရှိ စစ်ဘေးရှောင်စခန်းသို့ စစ်ရှောင်လာသည့် ပြည်သူ ယနေ့အချိန်အထိ လူဦးရေ(၁၀၀)ရှိနေပြီဖြစ်ကြောင်း ယင်းအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခွန်အာဠာရ က ပေါ်ပြူလာနယူးစ် ကိုပြောသည်။

စစ်ဘေးရှောင်ပြည်သူအများဆုံးသည် ရှမ်း-ကယားနယ်စပ်မှ လာရောက်ကြသူများဖြစ်ပြီး၊ တိုက်ပွဲဖြစ်ပွားရာ ၎င်းတို့ဒေသအတွင်း ပိတ်မိနေသူများ ကျန်ရှိနေသေးကြောင်း စစ်ရှောင်စခန်းသို့ရောက်ရှိလာသူပြည်သူများ၏ ပြောကြားချက် ၎င်းက ပြန်လည်ပြောပြသည်။

ယင်း ပိတ်မိနေသော ပြည်သူများကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့က သွားရောက် ကယ်ထုတ်ရန် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေသည်ဟုဆိုသည်။

“အထက်က လူကြီးတွေက ပိတ်မိနေတဲ့ပြည်သူတွေ၊ မလာနိုင်သေးတဲ့သူတွေကို သွားရောက်ကူညီဖို့ စကားပြောဆိုညှိနှိုင်းနေတယ်။ ကျွန်တော်တို့အဲ့ဒီဟာကိုရှင်းရှင်းလင်းလင်းကောင်းကောင်းမွန်မွန်မသိရသေးဘူး။”ဟု ရှင်းပြသည်။

လက်ရှိ စစ်ရှောင်စခန်းသို့ ရောက်ရှိလာသူများသည် လမ်းခရီးတွင် ငါးရက်ကြာမြင့်ခဲ့ပြီး၊ နှစ်ရက်ကြာ ထမင်းမစားရသေးသူများလည်း ပါဝင်ကြောင်း ဆိုသည်။

ယင်းအတွက် စခန်းမှ စားသောက်စရာများ၊ အသုံးအဆောင်များပေးကာကြိုဆိုခဲ့ပြီး၊ ယခင် စခန်းအတွင်း ရှိနေသော သူများကလည်းနွေးထွေးစွာကြိုဆိုခဲ့ကြကြောင်း သိရသည်။

စခန်းတွင် စားဝတ်နေရေးအဆင်ပြေသော်လည်း သောက်သုံးရေအခက်အခဲရှိနေပြီး၊ စစ်ရှောင်များထပ်ရောက်လာပါက နေထိုင်ရန် စခန်းအသစ်တစ်ခုတိုးချဲ့ရန် ပြင်ဆင်ထားကြောင်း သိရသည်။

ကျန်းမာရေးအတွက် PNLO ၏ ဆေးတပ်ဖွဲ့များက ‌ကုသစောင့်ရှောက်မှုများပေးသဖြင့် အဆင်ပြေကြောင်း ဗိုလ်မှူးကြီး ခွန်အာဠာရ က တဆက်တည်းပြောသည်။

PNLO အနေဖြင့် စစ်ရှောင်ပြည်သူများ၏ လုံခြုံရေး၊ စားဝတ်နေရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများကို တစ်နိုင်ငံလုံးပစ်ခတ်တိုက်ချုက်မှုရပ်စဲရေးသဘောတူစာချုပ်-NCA ပါ ပြဌာန်းချက်များနှင့်အညီ အကူအညီပေးနေခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here