မြောက်ကိုရီးယားနှင့် တွေ့တိုင်း သရေရရန်ပင် မကစားနိုင်ခဲ့သော်လည်း ယခုပွဲတွင် အမှတ်ရအောင် ကစားသွားမည်ဟု မြန်မာအသင်းနည်းပြပြော

0
417

ယနေ့ ညနေက သုဝဏ္ဏကွင်းရှိ သတင်းစာရှင်းလင်းပွဲခန်းမတွင် ပြုလုပ်ခဲ့သည့် မြန်မာနှင့် မြောက်ကိုရီးယားအသင်းပွဲစဉ်အတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင်မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် Michael Feichtenbenirက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

” ဂျပန်နဲ့ကစားအပြီး အပြည့်အဝ အနားယူပြီးနောက် လေ့ကျင့်မှုတွေ ပြန်လုပ်ခဲ့ပါတယ်။ မြောက်ကိုရီးယားအသင်းကြီးရဲ့ ခြေစွမ်းကို သိပ်မသိပေမယ့် အာရှအားကစားပြိုင်ပွဲမှာ ကစားသွားတဲ့ ယူ ၂၄ အသင်းခြေစွမ်းက ကောင်းမွန်တာတွေ့ရပါတယ်။ အဲ့ဒီအသင်းက ကစားသမား (၄) ဦးလောက် အခုအသင်းမှာ ပါဝင်လာပါတယ်။ ဆီးရီးယားနဲ့ ကစားခဲ့တဲ့ မြောက်ကိုရီးယား အသင်းခြေစွမ်းကို သေချာလေ့လာထားပါတယ်။ ကျွန်တော်တို့ မြောက်ကိုရီးယားနဲ့တွေ့တဲ့အခါတိုင်း သရေ‌တောင် မကစားနိုင်ခဲ့ပေမယ့် အခုပွဲမှာတော့ အမှတ်ရအောင်ကစားသွားပါမယ်။ မြန်မာဘောလုံးပရိသတ်တွေ မကာအို ကစားခဲ့တဲ့ ပွဲလိုမျိုး ကွင်းအတွင်း လာရောက်အားပေးဖို့ ပြောချင်ပါတယ်” ဟု မြန်မာအသင်းနည်းပြက ပြော သည်။

မြောက်ကိုရီးယား အသင်းနည်းပြချုပ် Mr.Sin Yong -nam ကလည်း “မြန်မာနဲ့ ကစားမယ့်ပွဲအတွက် ပြင်ဆင်မှုတွေပြုလုပ်ထားပါတယ်။ ပွဲရလဒ်က ဘာဖြစ်မလဲဆိုတာ ကစားတဲ့အခါမှ သိရမှာဖြစ်ပါတယ်။ ဒီခြေစစ်ပွဲမှာ အရမ်းကောင်းတဲ့အသင်း၊ အရမ်းညံ့တဲ့အသင်းမျိုးမရှိပါဘူး။ မြန်မာအသင်းနဲ့ပွဲမှာ အကောင်းဆုံးရလဒ်ရဖို့ ကစားသွားပါမယ်။ မြန်မာရော မြောက်ကိုရီးယားပါ ပွဲဦးထွက်ပွဲတွေမှာ ရှုံးထားလို့ အခုပွဲက နှစ်သင်းလုံးအတွက် အရေးကြီးပြီး ကျွန်တော်တို့ကတော့ အမှတ်ရဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။ ဒီကရာသီဥတုက အနည်းငယ်ပူပေမယ့် အခက်အခဲမရှိပါဘူး” ဟုပြောသည်။

မြန်မာအသင်းနှင့် မြောက်ကိုရီးယားအသင်းတို့သည် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဒုတိယအဆင့် အုပ်စုဒုတိယပွဲစဥ်အဖြစ် မနက်ဖြန် နိုဝင်ဘာ (၂၁) ရက် ညနေ (၄) နာရီအချိန်တွင် သုဝဏ္ဏကွင်း၌ ယှဥ်ပြိုင်ကစားကြမည်ဖြစ်ပြီး အဆိုပါ ပွဲစဥ်အတွက် လက်မှတ်များကို အထူးတန်း ၅၀၀၀ ကျပ်၊ ရိုးရိုးတန်း ၂၀၀၀ ကျပ်ဖြင့် ရောင်းချသွားမည်ဖြစ်ကာ လက်မှတ်များကို သုဝဏ္ဏကွင်း၌ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

“မြောက်ကိုရီးယားကို ဂျပန်နဲ့ ပွဲကလိုမျိုးမဟုတ်ဘဲ မတူညီတဲ့ ပုံစံနဲ့ ရင်ဆိုင်သွားမှာပါ။ အကောင်းဆုံးကြိုးစားသွားမှာဖြစ်သလို ပြင်ဆင်ချိန်လည်း ရထားပါတယ်။ ခံစစ် တိုက်စစ် မျှတအောင် ကစားသွားမှာဖြစ်ပါတယ်။ မြောက်ကိုရီးယားရဲ့ အားသာချက်ကို ကာကွယ်နိုင်ဖို့ လုပ်သွားမှာဖြစ်ပြီး သူတို့ရဲ့ အားနည်းချက်ကို ဘယ်လို အသုံးချရမလဲဆိုတာကိုလည်း ပြင်ဆင်သွားမှာဖြစ်ပါတယ်” ဟု မြန်မာ့လက်ရွေစင်အသင်း ဂိုးသမား ကျော်ဇင်ဖြိုးက ပြောသည်။

မြန်မာအသင်းနှင့် မြောက်ကိုရီးယားအသင်းတို၏ ယှဥ်ပြိုင်ကစားမှုကို  နိုဝင်ဘာ (၂၁) ရက် ညနေ (၃)နာရီ (၄၅) မိနစ်မှ စတင်၍ MRTV-HD၊ MRTV Sports Channel၊ MRTV Farmers’ Channel၊ MRTV Parliament Channel တို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်သွားမည်ဖြစ်ပြီး မြန်မာ့အသံရေဒီယိုနှင့် MRTV APP အပါအဝင် Online တိုမှလည်း တပြိုင်တည်း ထုတ်လွှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

Photo – MFF


LEAVE A REPLY

Please enter your comment!
Please enter your name here