ယနေ့ ညနေပိုင်းတွင် အိမ်ရှင်မြန်မာ့လက်ရွေးစင်အသင်းနှင့် မြောက်ကိုရီးယားအသင်းတို့ ယှဉ်ပြိုင်ကစားမည်

0
233

မြောက်ကိုရီးယားအသင်းနှင့် ကစားတိုင်း သရေအဆင့် မကစားနိုင်ခဲ့သော်လည်း ယနေ့ ယှဉ်ပြိုင်မည့်ပွဲတွင် အမှတ်ရအောင် ကစားသွားမည်ဟု မြန်မာအသင်းနည်းပြချုပ် Mr. Michael Feichtenbenie က ယမန်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားသည်။

ယခု ယှဉ်ပြိုင်ကစားမည့် မြန်မာ့လက်ရွေးစင်အသင်းအား မကာအိုအသင်းနှင့်ယှဉ်ပြိုင်စဉ်အချိန်ကဲ့သို့ ကွင်းအတွင်းလာရောက်အားပေးကြရန် ၎င်းကဆိုသည်။

မြောက်ကိုရီးယားအသင်းတွင် U-24 အသင်း၏ ကစားသမား လေးဦးပါဝင်နေပြီး၊ ယင်း U-24အသင်းအနေဖြင့် အာရှအားကစားပွဲတွင် ကစားခဲ့သည့်ခြေစွမ်းမှာ ကောင်းမွန်သည်ကိုတွေ့ရှိထားကြောင်း နှင့် ၎င်းတို့ ဆီးရီးယားအသင်းနှင့် ကစားခဲ့သည့်ပွဲကိုလည်း လေ့လာထားကြောင်း ဆိုသည်။

မြန်မာအသင်းအနေဖြင့် ဂျပန်အသင်းနှင့်ယှဉ်ပြိုင်ကစားခဲ့စဉ်က ပုံစံမျိုးနှင့်မတူသော ပုံစံဖြင့် ကစားသွားရန် ပြင်ဆင်ထားကြောင်း သိရသည်။

အလားတူ မြောက်ကိုရီးယားအသင်း နည်းပြချုပ် Mr. Sim Yong-nam ကလည်း ” ဒီ ခြေစစ်ပွဲအဆင့်မှာ အရမ်းကောင်းတဲ့ အရမ်းညံ့တဲ့အသင်းဆိုတာမျိုးမရှိပါဘူး။ မြန်မာအသင်းနဲ့ပွဲမှာအကောင်းဆုံးရလဒ်ရဖို့ ကစားသွားပါမယ်။ မြန်မာရော မြောက်ကိုရီးယားပါ ပွဲဦးထွက်မှာရှုံးထားတဲ့အတွက်နှစ်သင်းစလုံးအတွက်အရေးကြီးပြီး ကျွန်တော်တို့က အမှတ်ရဖို့ကစားသွားပါမယ်။”ဟု ပြောသည်။

ယနေ့ နိုဝင်ဘာ (၂၁)ရက် ညနေပိုင်းတွင် အိမ်ရှင်မြန်မာအသင်းနှင့်မြောက်ကိုရီးယားတို့၏ 2026 FIFA World Cup qualification ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအဆင့် အုပ်စုပွဲစဉ် အတွက် ကစားသွားကြမည်ဖြစ်သည်။

ယနေ့ ပွဲစဉ်အတွက် လက်မှတ်ဝယ်လိုသူများ နေ့လယ် (၂)နာရီမှ စတင်၍ အထူးတန်း လက်မှတ်များကို သုဝဏ္ဏကွင်း (Gate-2) ၌ လည်းကောင်း၊ ရိုးရိုးတန်း လက်မှတ်များကို သုဝဏ္ဏကွင်း (Gate-8)၌ လည်းကောင်း ဝယ်ယူနိုင်ကြောင်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here