ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီကို အသစ်ပြန်လည်ဖွဲ့စည်း

0
309

ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီကို အသစ်ပြန်လည်ပြင်ဆင် ဖွဲ့စည်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်‌ရေး ဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ အသစ်ပြန်လည်ဖွဲ့စည်းလိုက်သည့် ကော်မတီတွင်စီးပွားကူးသန်းဝန်ကြီးဌာနမှ အထူးအရာရှိက ဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း နိုဝင်ဘာ (၂၀) ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၃/၂၀၂၃)ဖြင့် မြန်မာစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့မှ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌအဖြစ် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်‌ရေးဝန်ကြီးဌာန အထူးအရာရှိ ဦးကျော်ရွှေထွန်း၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဦးဝင်းမြင့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတို့ဖြစ်ပြီး အဖွဲ့ဝင်များအဖြစ် ရခိုင်ပြည် နယ် အစိုးရအဖွဲ့ဝင် ဦးစံရွှေမောင်၊ စီမံကိန်းရေးဆွဲရေးဌာန (ရခိုင်ပြည်နယ်) ပြည်နယ်ဦးစီးမှူး၊ ကျောက်ဖြူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် (ရခိုင်ပြည်နယ်) ပြည်နယ်တာဝန်ခံ၊ မြို့ ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန (ရခိုင်ပြည်နယ်) ညွှန်ကြားရေးမှူး၊ ကော်မတီအတွင်းရေးအမှူးအဖြစ် ဒေါက်ကျော်ဆန်းဦး၊ တွဲဖက်အတွင်းရေးမှူးအဖြစ် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ၏ လုပ်ငန်းတာဝန်များမှာ မြန်မာအထူးစီးပွားရေးဇုန် ဥပဒေတွင် ပြဋ္ဌာန်းထားသည့် စီမံခန့်ခွဲမှုကော်မတီ၏ လုပ်ငန်းတာဝန်များအတိုင်းဖြစ်ကြောင်း မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့မှ ထုတ်ပြန်ထားသည်။

ကိုဗစ် ၁၉ နှင့် နိုင်ငံရေး အပြောင်းအလဲကြောင့် ရပ်နားထားသည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို တရုတ်ဘက်မှ ပြန်လည်စတင်ရန် လောနေပြီး၊ ယင်းကျောက်ဖြူရေနက်ဆိပ်ကမ်းသည် တရုတ်၏ ရပ်ဝန်းနှင့် ခေတ်သစ်ပိုးလမ်းမကြီး(BRI) စီမံကိန်း၏ မြန်မာဘက်ခြမ်း ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင်ပါဝင်သည့် စက်မှုဇုန်၊ လူနေအိမ်ရာနှင့် ရေနက်ဆိပ်ကိမ်းစီမံကိန်း သုံးခုထဲမှ ကနဦး အကောင်အထည်ဖော်မည့် စီမံကိန်းတစ်ခုဖြစ်သည်။

ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် ကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ အသုံးပြုသွားရန် စီစဉ်ခဲ့ပြီး အစုရှယ်ယာပိုင်ဆိုင်မှုအဖြစ် တရုတ်အစိုးရပိုင် CITIC အုပ်စုမှ ၇၀ ရာခိုင်နှုန်းနှင့် မြန်မာအစိုးရမှ စီမံကိန်း၏ ၃၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here