နိုင်ငံပေါင်း (၄၀) ကျော်သို့ ရေထွက်ကုန်တင်ပို့မှုမှ ဒေါ်လာ (၃၇၅) သန်း ရရှိထား

0
448

ယခုဘဏ္ဍာနှစ် ဧပြီလမှ အောက်တိုဘာလအထိ (၇) လတာ ကာလအတွင်း ပြည်ပဈေးကွက်သို့ မြန်မာ့ရေထွက်ကုန်တင်ပို့မှုမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ (၃၇၅) သန်း ရရှိထားကြောင်း ငါးလုပ်ငန်းဦးစီးဌာန(နေပြည်တော်)မှ သိရသည်။

တရုတ်နှင့် ထိုင်းနိုင်ငံတို့ အပါအဝင် နိုင်ငံပေါင်း (၄၀) ကျော်ထံ မြန်မာ့ရေထွက်ကုန်များ တင်ပို့ထားခြင်းဖြစ်ပြီး သက်ဆိုင်ရာ နိုင်ငံများ၏ စည်းကမ်းချက်များနှင့်အညီ တင်ပို့လျက်ရှိကြောင်း ညွှန်ကြားရေးမှူး ဦးညွှန့်ဝင်းက ပြောသည်။

“သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့အညီ ရောဂါပိုးမွှားတွေ ကင်းရှင်းစေဖို့၊ ပြည်တွင်းက ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်တင်ပို့မှု လုပ်ငန်းစဉ်တွေကို စနစ်တကျ စီစဉ်ဆောင်ရွက်နေပါတယ်”ဟု ဆိုသည်။

မြန်မာ့ရေထွက်ကုန်ပစ္စည်းများကို ပင်လယ်ရေကြောင်း၊လေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ တင်ပို့လျက်ရှိသည်။

ပင်လယ်ရေကြောင်းနှင့် လေကြောင်းမှ တန်ချိန် (၁၂၀,၀၀၀) တင်ပို့ခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ ရေထွက်ကုန်ပစ္စည်းတန်ချိန် (၁၂၁,၀၀၀) ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။

ပုံမှန်ကုန်သွယ်ရေးအဖြစ် ဂျပန်နှင့် ဥရောပနိုင်ငံများသို့ တင်ပို့နေပြီး တရုတ်၊ ထိုင်းနှင့် အိမ်နီးချင်းဈေးကွက်သို့ မူဆယ်၊ မြဝတီ စသည့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တင်ပို့လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here