၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်အတွင်း တောင်သူ (၂၈) ဦးသို့ချေးငွေကျပ် ၁၈၆၆ ဒသမ ၆၅ သန်း ထုတ်ချေး

0
207

ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း တောင်သူ (၂၈) ဦးသို့ချေးငွေကျပ် ၁၈၆၆ ဒသမ ၆၅ သန်း ထုတ်ချေးပေးထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၏ ပြောကြားချက်အရ သိရသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့် ချေးငွေ စီမံကိန်း၊ စီမံကိန်း ဦးဆောင်ကော်မတီ၏ (၂၈) ကြိမ်မြောက် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးတွင် စီမံကိန်း ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ၊ စီမံဘဏ္ဍာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေ စီမံကိန်းကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လတွင် စတင်ခဲ့ပြီး အတိုးနှုန်းသက်သာစွာဖြင့် တောင်သူတစ်ဦးချင်းကို ငွေကျပ်သိန်း ၇၀၀ အထိ ချေးငွေများအား နှစ်တို (၃) နှစ်၊ နှစ်ရှည် (၅) နှစ် အရစ်ကျပြန်ဆပ် စနစ်ဖြင့် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

စီမံကိန်းစတင်သည်မှ ၂၀၂၃ ခုနှစ် စက်တင်ဘာလကုန်အထိ နေပြည်တော်ကောင်စီ နယ်မြေအပါအဝင်၊ တိုင်းဒေသကြီး/ပြည်နယ် (၁၄) ခု၊ မြို့နယ် (၁၈၇) ခု တို့မှ တောင်သူ (၅၆၈၅) ဦးအား ထွန်စက်ကြီး (၂၇၅၈) စီး၊ ရိတ်သိမ်းခြွေလှေ့စက် (၂၆၇၇) စီး ဝယ်ယူနိုင်ရေးအတွက် ချေးငွေ ကျပ် ၂၃၇၁၇၅ ဒသမ ၁၇၈ သန်း ထုတ်ချေးပေးထားကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ခုနှစ်အတွင်းတွင် တိုင်းဒေသကြီး/ပြည်နယ် (၇) ခုရှိ မြို့နယ် (၁၇) မြို့နယ်မှ တောင်သူ (၂၈)ဦးသို့ ထွန်စက်ကြီး (၂၃) စီး၊ ရိတ်သိမ်း ခြွေလှေ့စက် ငါးစီးဝယ်ယူနိုင်ရေးအတွက် ချေးငွေကျပ် ၁၈၆၆ ဒသမ ၆၅ သန်း ထုတ်ချေးပေးခဲ့ကြောင်း ပြောသည်။

ထို့ပြင် ချေးငွေရယူလိုသည့် တောင်သူများသို့ ချေးငွေသစ်များ စဉ်ဆက်မပြတ် ထုတ်ချေးနိုင်ရန် စိစစ် ဆောင်ရွက်လျက်ရှိပြီး ချေးငွေအစီအစဉ် ကောင်းမွန်စွာ လည်ပတ်နိုင်ခြင်းဖြင့် တောင်သူများ၏ ဝင်ငွေတိုးတက်လာစေကာ လယ်ယာကဏ္ဍဖွံ့ဖြိုးရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်းလည်း သိရသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်)နှင့် ဘဏ်ခွဲ အဆင့်ဆင့်အနေဖြင့် Evaluation & Monitoring ကို စဉ်ဆက်မပြတ်ပြုလုပ်ပြီး စီမံကိန်းအောင်မြင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၊ ဆက်စပ်ဌာနများနှင့် စဉ်ဆက်မပြတ်ပူးပေါင်းဆောင်ရွက်သွားရန်လည်း ဆက်လက်ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here