လက်နက်ကိုင် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ တိုက်ပွဲရှောင် ၂၈၆,၀၀၀ ကျော်ရှိလာဟု UN ထုတ်ပြန်

0
187

လက်နက်ကိုင် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ တိုက်ပွဲရှောင် ၂၈၆,၀၀၀ ကျော်ရှိလာပြီ ဖြစ်ကြောင်း ပြင်းထန်နေသည့် တိုက်ပွဲများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ၏ ကနဦး အစီရင်ခံလွှာ- ၆ အရ သိရသည်။

နိုဝင်ဘာ (၂၁) ရက်အထိ လက်နက်ကိုင် ပဋိပက္ခများ ပြင်းထန်နေရာ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် တောင်ပိုင်း၊ ကယား၊ ရခိုင်၊ ချင်း၊ စစ်ကိုင်း၊ မန္တလေး၊ ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် လူပေါင်း ၂၈၆,၀၀၀ ကျော် အိုးအိမ်မဲ့ဖြစ်ခဲ့ရသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့အပြင် အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ်များ အပါအဝင် အရပ်သား (၁၈၇) ဦး ‌ေ-သဆုံးပြီး (၂၄၆) ဦး ဒဏ်ရာရရှိခဲ့ကြောင်း အစီရင်ခံစာ ဖော်ပြထားသည်။

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင်လည်း နိုဝင်ဘာလလယ်မှစတင်ကာ လူပေါင်း ၂၀၀၀၀ ကျော် ဘေးကင်းရာသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ရပြီး ရာနှင့်ချီသော လူများမှာလည်း ပိတ်မိနေကြောင်း ဘေးကင်းရာသို့ ပြောင်းရွှေ့နိုင်ခြင်း မရှိသေးကြောင်း ဖော်ပြပါရှိသည်။

ပဋိပက္ခများ ဖြစ်ပွားနေသည့် မြို့နယ်များရှိ အဓိက သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများကို တပ်မတော်နှင့် EAOများ က ပိတ်ဆို့ထားပြီး ဒေသခံများ ဘေးကင်းသော နေရာများသို့ သွားလာမှုများကို ကန့်သတ်ထားသည့်အပြင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ သွားလာခွင့်ကိုလည်း အနှောင့်အယှက် ဖြစ်စေကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ပေါ်ပေါက်လာသော လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် မြန်မာနိုင်ငံ လူသားချင်းစာနာထောက်ထားမှု ရန်ပုံငွေမှ အမေရိကန်ဒေါ်လာ (၁) သန်းကို ပံ့ပိုးပေးထားသော်လည်း လိုအပ်ချက် တိုးပွားလာကာ ရန်ပုံငွေမပြည့်မှီသဖြင့် အရေးပေါ် ထပ်လောင်းအလှူ ရှင်များ၏ ပံ့ပိုးကူညီမှုသည် အရေးကြီးကြောင်းလည်း အစီရင်ခံစာအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here