PNLO/PNLA အခြေပြုဒေသများအတွင်း အနယ်နယ်အရပ်ရပ်မှ စစ်ရှောင်ပြည်သူ သောင်းနှင့်ချီ ရှိနေပြီဖြစ်ဟု ဆို

0
219

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA)အခြေပြုဒေသများ
အတွင်း အနယ်နယ်အရပ်ရပ်မှစစ်ဘေးရှောင်လာသည့် ပြည်သူ (၁၀,၀၀၀)ချီ ရှိနေပြီဖြစ်ကြောင်း ဗိုလ်မှူးကြီး ခွန်အာဠာရ က ယနေ့တွင် ပေါ်ပြူလာနယူးစ် သို့ ပြောသည်။

၎င်းတို့ အခြေပြုဒေသများအတွင်း စစ်ရှောင်စခန်း ငါးခုနှင့်မနည်း ဖွင့်လှစ်ပေးထားပြီး၊ လာရောက်ခိုလှုံသည့် စစ်ရှောင်များသည် နီးစပ်ရာစခန်းများသို့ နေ့စဉ်ဝင်ရောက်လာနေခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ရှောင်အများစုသည် ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ကယား(ကရင်နီ) ပြည်နယ်တို့ရှိ ပြည်သူအများဆုံး ဖြစ်ကြောင်း သိရသည်။

” စစ်ရှောင်စခန်းတွေက အများကြီးရှိတယ်။ တစ်နေရာတည်းစုပုံထားလို့မရဘူးလေ။ စစ်ရှောင်တွေက သူတို့နီးစပ်ရာဒေသက စခန်းတွေကို သွားပြီး နေထိုင်ကြတယ်။ ဖွင့်ထားတဲ့စခန်းအားလုံး‌မှာ စစ်ရှောင်က အရင်ရက်မှာ ရှစ်ထောင်ကျော်လောက်ရှိမယ်။ ဒီနေ့အချိန်အထိဆို တစ်သောင်းနားလောက်ဖြစ်နိုင်တယ်။ စခန်းတစ်ခုမှာ ရာကျော်ရှိနေတယ်။ နေ့စဉ် ဝင်ရောက်လာမှုတွေရှိတယ်။ စာရင်းအတိအကျကတော့ စခန်းအလိုက်ဆက်သွယ်ပြီးလုပ်နေတုန်းပါ။”ဟု ရှင်းပြသည်။

စစ်ရှောင်စခန်းများမှာ ဆီဆိုင်မြို့နယ်အတွင်းရှိ နောင်ထောင်၊ ဘုရားဖြူ၊ ကယန်းလေး၊ ဆီဘွာ၊ ဒေါမထော၊ ဒေါမထာ စသည့် ဒေသများအတွင်း ရှိနေခြင်းဖြစ်သည် ဟုဆိုသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ပါ ပြဌာန်းချက်များနှင့်အညီ ၎င်းတို့အခြေပြုဒေသများတွင် ခိုလှုံခွင့်ပေး၍ အကူအညီများပေးအပ်သွားမည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)က နိုဝင်ဘာ (၁၇)ရက်တွင် အသိပေးထုတ်ပြန်ကြေညာထားသည်။

ယင်းသို့ အသိ‌ပေးထုတ်ပြန်ပြီးနောက်ပိုင်း စစ်ရှောင်ပြည်သူများ ယနေ့ အချိန်အထိ ဆက်သွယ်ခိုလှုံလာနေကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံတစ်ဝှမ်း လက်နက်ကိုင်ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာစစ်‌ဘေးရှောင်ပြည်သူ(၂၈၆,၀၀၀ )ကျော်အထိရှိလာပြီဖြစ်ကြောင် UN ၏ ထုတ်ပြန်ချက်အရသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here